Sunday, November 28, 2010

မိန်းမတစ်ယောက်၏ အတ္တ

မိန်းမတစ်ယောက်၏ အတ္တ

တကယ်တော့ ကိုရေ ငယ့်ရင်ထဲမှာ အမှတ်တရတွေ ဒုနဲ့ဒေးပါ ။

အခိုက်အတန့်လေး ရူးခဲ့တဲ့ငယ့်အိမ်မက်မှာ ကိုဟာ ငယ့်ရဲ့မင်းသားလည်းဟုတ်တယ် ။

ကိုဟာငယ့်ရဲ့ ဗီလိန်လဲ ဟုတ်တယ် ။

ကိုနဲ့ပါတ်သက်ရင် ငယ့်ရင်ထဲမှာ အမြဲ တုန်လှုပ်ရတယ်။

ငယ်မဖြစ်ချင်တဲ့ ဘ၀မှာ ငယ်ကိုယ်တိုင်ကြောက်လန့်ခြင်းအပြည့်နဲ့တစ်ယောက်ထဲ ရင်ဆိုင်နေရပြီလေကိုရယ် ။

ငယ်က အတ္တကြီးတယ်တဲ့လား ။

ငယ်က ဘ၀ကိုရင်မဆိုင်ရဲဘူးတဲ့လား ။

ငယ်က အချစ်ထက် ငယ့်အတ္တ ကိုဦးစားပေးတယ်တဲ့လား ။

စွပ်စွဲချက်တွေ ပြင်းလိုက်တာ ကိုရယ် ။

ဒါပေမယ့် ကို့စွပ်စွဲချက်တွေ ငယ်မရှင်းခဲ့ဘူးနော် ။

ငယ်လည်းငယ့်မာန။ ငယ့်အချစ် ။ ငယ့်သစ္စာတရားကို ယုံကြည်ခဲ့တဲ့အတွက်ကြောင့် ကို့ကိုရှင်းပြစရာမလိုဘူးလို့ထင်တယ်လေ ကိုရယ်။

ဒါပေမယ့်ဒီနေ့ ဒီနေရာမှာတင်တဲ့ဒီစာသားလေးတွေ( တနည်းပြောရရင် ငယ်ဆိုတဲ့မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ ဘာတွေ တွေးပြီး ဘယ်လောက်ထိ ကို့အပေါ်ချစ်ခဲ့တယ် ဆိုတာ ) ကို့ရဲ့ပဟေဠိတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ထင်ပါတယ်ကိုရယ်

ဒါပေမယ့် ကို ငယ့်ဆီပြန်မလာရဘူးနော်။ကို ငယ့်ကိုနာကျဉ်းနိုင်ပါတယ် ။ ကို့လိုဘဲ ငယ်လည်း နာကျဉ်းချက်တွေနဲ့တော့ မမုန်းပါဘူး ။

ဇန်န၀ါရီ (၁) ရက် ။

နှစ်စဉ်နှစ်တိုင်း ကို ရယ် ငယ် ရယ် နှစ်သစ်ကို ကျော်ဖြတ်ခဲ့တာ ၂၀ နှစ်တိတိနော် ။

ငယ်တို့ ဘုရားကျောင်းမှာ ကစားကြတယ် ။

သူငယ်ချင်းဘ၀နဲ့ခဏခဏ ရန်ဖြစ်ရင်းနဲ့ဘဲ

တစ်ယောက်ကို တစ်ယောက် တွယ်တာလာတာလေ ။

ကိုပါတဲ့အဖွဲ့ဆို ငယ် မပါရဘူး ။

အမြဲတမ်း ဆန့်ကျင်ဘက်အသင်းတွေနဲ့ ကစားရင်း ။

ဆုတောင်းရင်းနဲ့ဘဲ နှစ်သစ်တိုင်းကို ကျော်ဖြတ်ခဲ့ကြတယ်နော် ။

(၁၂) နာရီတိတိဆို ကစားပွဲတွေရပ် ။ ဘယ်နေရာကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ကိုဟာ ငယ့်ဘေးမှာရပ်ရင်း ။ ငယ့်လက်ကိုကိုင်ရင်း မျက်လုံးကိုမှိတ် ပြီး


နောက်နှစ်တိုင်းလည်းသူမနဲ့အတူတူ ကစားခွင့်ပေးပါဘုရားသခင် ။ ဒီနှစ် သူမနဲ့ကစားခွင့်ရလို့ ကျေးဇူးတင်ပါတယ်တဲ့ ။ “


နောက်ပိုင်း ချစ်သူတွေ ဖြစ်လာတော့လဲ နှစ်သစ်ညဆိုရင် stage show ရှိတတ်လာတဲ့ကိုဟာ ငယ့်ကို Show ကို ပါအောင်ခေါ်ပါတယ် ။ ပြီးရင် ငယ်တို့ အတူတူလက်လေးကိုင်ပြီး ဆုတောင်းခွင့်မရခဲ့ရပေမယ့် အတူတူဆိုတဲ့ ခံစားချက်လေးတွေနဲ့
ကိုက စင်ပေါ်ကနေဆုတောင်း ။ ငယ်က စင်အောက်ကနေ ဆုတောင်းခဲ့ကြတယ်နော် ။

မမေ့ဘူးကိုရယ် ။


နောက်နေ့ဆို နှစ်သစ်နော် ။ ငယ့်ကို ချစ်နေဦးမှာ တဲ့ ။”


ပြီးရင် နှစ်သစ်လက်ဆောင် ငယ်တစ်ဦးထဲ အတွက်တဲ့ ။

( မချစ်ဘူးမပြောပါနဲ့ သီချင်းလေးရယ် / အချစ်များ သူ့ဆီမှာ သီချင်းလေးရယ် ) ကိုတမြတ်တနိုးဆိုပြခဲ့တဲ့ ကို့ အမူအရာတွေ ။ ကို့အချစ်တွေ ငယ်မမေ့ပါဘူး ကိုရယ် ။ တကယ်ကို ကြည်နူးနေရတုန်းပါဘဲ ။

မတ်လ (၂၆) ရက် 1999

တကယ်ကို ရယ်လည်း ရယ်ရတယ် ။ ရင်လည်းခုန်ရတယ် ။

၁၀ တန်းအောင်လို့သင်တန်းတက်နေတဲ့ငယ်ဟာ သင်တန်းမှာ ငယ့်ကို ကောင်လေးတစ်ယောက်က လိုက်တယ်လေ ။ တခြားလိုက်တဲ့သူဆိုရင် ဘာမှမဖြစ်တဲ့ကိုဟာ အဲသည့်ကောင်လေးကို ငယ်ကစိတ်ဝင်စားတယ်လို့ ထင်ပြီး တစ်ကိုယ်လုံး ပူလောင်လာတာတဲ့ ။ ကို့ကိုကိုယ်
အချစ်ဆိုတာ ဘာမှန်းမသိခင်မှာ အဲသည့်ကောင်လေးသာ ငယ့်ကို နမ်းရင်ဆိုပြီး တွေးမိလာလို့တဲ့

ငယ့်အိမ်ကို မတ်လ (၂၆ ) ည ၁၀ နာရီခွဲကြီးရောက်လာပြီး။

ဟဲ့ ခဏ လာခဲ့ ။ ငါပြောစရာ ရှိလို့ ။ အရေးကြီးလို့တဲ့ ။

ငယ်က ဘာများ ဖြစ်လဲဆိုပြီးစိုးရိမ်ပြီး လိုက်လာတော့ ငယ့်ကို ကို အတင်းဖက်နမ်းခဲ့တယ်လေ ။

ပြီးတော့ ကမူး ရှူးထိုးနဲ့


“နင့်ကို ငါနမ်းပြီးပြီနော် ။ တကယ်လို့ နင် အဲသည့်ကောင်လေးကို အဖြေပြန်ပေးရင်

ငါက နင့်ချစ်သူဆိုပြီး အဲသည့်အကောင်ကိုဆွဲထိုးမှာ ။

ပြီးတော့ နင်အရမ်းလှချင်လာတာ ငါမကြိုက်ဘူး ။

နင့်ဘေးနားမှာ ။ နင့်ပါးစပ်ထဲမှာ သူနဲ့ပတ်သက်တာ ဘာမှ မလိုချင်ဘူး ။

အဲဒါငါ့အတွက်အရေးကြီးတယ်”


ဆိုပြီး ထွက်ပြေးသွားတော့တာဘဲ ။

ငယ်သာ ရုတ်တရက် ဘာကိုဘာမှန်းမသိခင်မှာဘဲ ငယ့်ကို သူစိမ်းယောကျာ်းလေးတစ်ယောက်က နမ်းသွားတာခံလိုက်ရတယ်။ ပြီးတော့ သတိဝင်လာတော့ ကိုက မရှိတော့ဘူး ။

အတွေ့အကြုံ အသစ် ။ ခံစားမှု အသစ်တွေနဲ့ ငယ်လေ ကို့ကို သူစိမ်းတစ်ယောက်လိုမြင်လာတယ် ။

နေ့တိုင်းမတွေ့ရရင်မနေနိုင်တဲ့ ကိုနဲ့ငယ်ဟာ (အဲသည့်တုန်းက ဘာမှန်းမသိဘဲ စကားမပြောတော့ဘူးနော် )

ငယ်က ကို့ကိုတွေ့တိုင်း ရင်ခုန်လွန်းလို့စိတ်ဆိုးရဖို့တောင်မေ့နေခဲ့တာ ။

ကိုကတော့ ငယ်ကအမြဲ ယောက်ျားဆန်တော့ ထိုးမှာစိုးလို့ တိတ်တိတ်လေးနေနေခဲ့တာတဲ့ ။

ပြီးတော့ထူးဆန်းတာက အဲသည့်လိုက်နေတဲ့ကောင်လေးလည်း မလိုက်တော့ဘဲ နောက်ဆုတ်သွားခဲ့တာ ။

(ကိုက သူ့ကိုသွားပြောတာတဲ့ ။ ငယ့်ရဲ့မကောင်းတဲ့အကျင့်တွေ ပြော .။ ပြီးတော့ ငယ်က ကြမ်းတယ် ဆိုပြီးပြော ။ ကိုနဲ့ငယ်ဟာ ချစ်သူတွေ ဆိုတာပြောခဲ့တယ်တဲ့ )

ငယ်မသိခဲ့ပါဘူး ကိုရယ် ။ မိသားစုနဲ့မကြီးပြင်းခဲ့တဲ့ငယ်ကို ချစ်တဲ့ ကို့အမေ ကိုယ်တိုင်ကသားငယ်သမီးကို ချစ်နေတယ်တဲ့ ။ ကို့ကို မတွေ့ရဲဘဲ ရှောင်ခဲ့တဲ့ ငယ့်ကို ပြန်ပြီးအောင်သွယ်ခဲ့တာ ကို့အမေနော် ။

မှတ်မိပါသေးတယ်ကိုရယ် ။( ၁နှစ်တိတိ ငယ်တို့ရှောင်ခဲ့တာ နော်)။

နောက်တော့ ချစ်သူတွေ ဖြစ်လို့ဖြစ်သွားမှန်းမသိဘဲ (အုန်းနို့ချောင်းလေး ၀ယ်ကျွေးပြီးကို ချော့လိုက်လို့ ) ငယ်တို့တွေဟာ သူငယ်ချင်းတွေ ကြားထဲမှာ တကယ်ချစ်တဲ့ စံပြအတွဲလေးဖြစ်ခဲ့တယ်နော် ။

မတ်လ (၂၆) နေ့ရောက်တိုင်း ငယ့်ကို နမ်းခဲ့တဲ့ ကို့ရဲ့အနမ်းကို ငယ် မက်မောခဲ့ပါတယ်ကို ။

အမှတ်တရ လည်းရှိပါတယ် ။


ဧပြီ (၆)ရက် ။

မွေးနေ့ချင်းက အစတူနေတဲ့ ကိုနဲ့ငယ်တို့ရဲ့ တကယ်ပျော်ရွှင်ဖွယ် နေ့လေးပေါ့နော် ။ အမြဲတမ်းမွေးနေ့တူတာကို ဂုဏ်ယူတတ်တဲ့ကို ။ ငယ်တို့မနက်မိုးလင်းထဲက အတူတူရှိနေပြီး ကို့အိမ်မှာဘဲ ကို့မေကြီးတို့ ။ ကိုကြီးတို့နဲ့ စားစရာတွေ လုပ်စား ။
ဇယ်တောက် ။ ရှုံးရင် အိုးမဲသုတ် ။ ညနေဆို ဘုရားဆုတောင်း ။ မိုးချုပ် ဆို မိသားစုလိုက်ရုပ်ရှင်သွား

အဲသည့်လိုနေ့မျိုးပေါင်းမြောက်မြားစွာ ငယ်တို့ ကျော်ဖြတ်ခဲ့ဘူးတယ်နော်ကို ။

အားလုံးက ယူမယ်လို့ထင်ထားတဲ့ငယ်တို့အတွဲလေ ။


အောက်တိုဘာ (၁၅) ရက် 2004 ။

ယူမယ်လို့ ဆုံးဖြတ်ပြီး ကို့တစ်ယောက်ထဲကိုဘဲ ချစ်ခဲ့တဲ့ငယ် ။

ငယ့်တစ်ယောက်ထဲကိုဘဲ ချစ်ခဲ့တဲ့ ကို ။

ဒီ အနုပညာလောက ကိုရောက်လာမှ ခြေလှမ်းတွေ ပျက်လာတယ် ။

အမြဲတမ်း ငယ့်အပေါ် နဖူးလေး နမ်းတာက လွဲရင် ဘာကိုမှ အခွင့်အရေးမယူခဲ့တဲ့ ကို ။


(ငယ်တကယ်ချီးကျူးပြီး ဂုဏ်ယူခဲ့ရတာပါ ကိုရယ် ။ ကို့ရဲ့ ကိုယ်ကျင့် သိက္ခာတရားကို တကယ့်ကို လေးစားခဲ့ရတာပါ ။)


အဲသည့်နေ့က အပေါင်းအသင်းခေါ်လို့တဲ့ ကောင်မလေးတစ်ယောက်နဲ့သွားအိပ်တယ်တဲ့ ။

ငယ်လေ ကြားကာစက တစ်ကယ်မယုံဘူး ကိုရယ် ။ လက်လည်း လက်သင့်မခံနိုင်ဘူး ။

ဒါပေမယ့် သက်သေနဲ့အတိအကျ ပြောတဲ့သူက ပြောတာကို ငယ်ကို့ကို မမေးရဲခဲ့ဘူးကိုရယ် ။

အတွေးတွေနဲ့ပူခဲ့ရတာ ။

ပြီးတော့ အကာအကွယ်မသုံးကြဘဲ ကောင်မလေးတစ်ယောက်ထဲကို သူငယ်ချင်း (၄) ယောက်တစ်ယောက်တစ်လှည့်စီ အိပ်ကြတာတဲ့ ။

ကိုရေ ပူလောင်ခဲ့ရလိုက်တာ ။

တကယ်လို့ …………တကယ်လို့များ

မတော်တဆ ရောဂါများရလာခဲ့ရင် ဆိုတဲ့အတွေးတွေနဲ့ ငယ် ရူးနေအောင် ပူခဲ့ရတယ်ကိုရယ် ။


မိသားစုကိုအရမ်းတန်ဖိုးထားတဲ့ငယ့်အတွက်ကို့ကိုဘယ်လိုများ လက်ထပ်ရမှာလဲ ။


ဘယ်လောက်ထိ ယုံကြည်ရမှာလဲ ။ ဆေစစ်လို့လည်း ချက်ချင်းပေါ်တဲ့ အရာမဟုတ် ။

ခေါ်တဲ့သူကလဲ ဈေးပေါတဲ့ကောင်မလေး ။

ငယ် ကို့ကို ရူးလောက်အောင် ချစ်ခဲ့ပါတယ် ကိုရယ် ။

တောက်လျှောက် ရူးခဲ့တာ တကယ့်ကို အရူးမတစ်ယောက်လိုပါဘဲ ။


“ အချစ်နဲ့ မိသားစု “


ဒီဇင်ဘာ (၁၉) ရက် 2004 ။

ကိုလက်ထပ်ခွင့်တောင်းခဲ့တဲ့နေ့ ။ ငယ်မျှော်လင့်ခဲ့တဲ့နေ့ ။

ငယ့် ရဲ့ ရှေ့မှာ လက်စွပ်လေးနဲ့ တကယ့်ကို Romatic ဆန်ဆန်လေး ပေါ့ ။

ငယ်ရူးသွားသလိုပါဘဲကိုရယ် ။ငယ်ရူးလောက်အောင် ငိုခဲ့ရတဲ့နေ့ပေါ့ ကိုရယ် ။

ငယ်အရမ်းချစ်တဲ့ ယောက်ျားတစ်ယောက်ကို ငယ် လက်မထပ်နိုင်ပါဘူးလို့ ပြတ်ပြတ်သားသား ငြင်းရဲဖို့ဆိုတာ ငယ်တော်တော်လေး ရင်ကွဲခံခဲ့ရတာပါ ။

ဘယ်မိန်းမ မဆို ချစ်တဲ့သူနဲ့ လက်ထပ်တဲ့သူတစ်ယောက်ထဲ ဖြစ်ချင်ကြတာပါဘဲ ကိုရယ် ။

မဖြစ်နိုင်တာတော့ ။ ငယ် မှားတယ်ဆိုလည်း မှားပါစေတော့နော် ။


ကိုရေ နောက် (၃) နှစ်ထပ်စောင့်ပေးပါလို့ ခွင့်တောင်းလိုက်တာနဲ့ ပြသနာတွေ အကြီးအကျယ်တက်ခဲ့ကြတာလေ ။ ကိုမှတ်မိလား ။ နောက်ဆုံးတော့ ငယ်က ကို့ကို ငယ်စောင့်ကြည့်ချင်သေးလို့ ငယ်အချိန်ယူခဲ့တာက ကို့ဒီလိုအမှားမျိုးကျူးလွန်ခဲ့လို့ပါလို့
ပြောတော့ ကိုကလေ

“ ယောက်ျားဘဲကွာ ဒါမဆန်းပါဘူးတဲ့ “

“မင်းသာတကယ်ငါ့ကိုချစ်ရိုးမှန်ရင်အကုန်ရင်ဆိုင်နိုင်တယ်တဲ့ “ ငါရောဂါရလို့သေမယ်ဆိုရင်တောင် အတူတူဘဲတဲ့ ။ ရှင်အတူတူ ။ သေအတူတူပေါ့တဲ့ ။ “

သူများတွေ အတွက်တော့ မဆန်းပေမယ့် ငယ့်အတွက်တော့ ဆန်းတယ်ကိုရယ် ။ အမှားမခံနိုင်အောင်ကို မိသားစုကို ငယ်တန်ဖိုးတထား လိုချင်တာလေ ။


“ ကို့နေရာမှာ ငယ်သာဒီလိုမှားကြည့် ကိုလက်ခံမလား “ လို့မေးတော့ ကိုက


“ မင်းကမိန်းမလေတဲ့ ။ ဒါမျိုးမှားလို့ရမလားတဲ့ ။”


ဘ၀ဆိုတာ ယောက်ျားရယ် မိန်းမရယ်တည်ထောင်ထားတာလေကိုရယ် ။ ကိုလို ယောက်ျားလေးတောင် ကို့ချစ်သူ ကိုအသန့်ရှင်းဆုံးလိုချင်ရင် ကိုတရားရမယ်လေ ။ ဆန္ဒကို သိက္ခာ နဲ့ထိန်းရမှာပေါ့ ။


ငယ့်ကို


“ အေး အတ္တကြီးတဲ့မိန်းမ မင်းမလိုချင်ပေမယ့် ငါ့ရဲ့ ဒီအခြေအတိုင်းဘဲကို လိုချင်တဲ့သူတွေ အများကြီးတဲ့ ။

မင်းစောင့်ကြည့်ချင်ရင် စောင့် ကြည့်လိုက် ။ အေး ငိုတော့ မငိုနဲ့တဲ့ ။ “

မင်းမငိုနဲ့ ။ မင်းမငိုမိစေနဲ့တဲ့ ။


တစ်ခါမှားမိတာဘာဖြစ်လဲ။ဘာဖြစ်လဲမင်းငါ့ကိုချစ်ရင် ခွင့်လွှတ်ပေးရမှာပေါ့တဲ့လေ ။


ကိုငိုပြီးပြောသွားခဲ့တာ ။ ကိုအရမ်းခံစားရတာ ငယ်သိတယ် ။ ဒါပေမယ့်အဲသည့်တစ်ခါက ဘ၀ကို ပေးလိုက်ရမှာလေ ကိုရဲ့ ။ ကိုမလုပ်ခင်ထဲက စဉ်းစားပါလား ။ ကြောက်တတ်ပါလားကိုရေ ။


ငယ်ကရော ……..ငယ်ကရော ကိုရယ်

ကြည့်တတ်မယ်ဆိုရင် ကြည့်လိုက်စမ်းပါကိုရယ် ။

ကိုက ငယ့်ရဲ့ ပထမဦးဆုံး ချစ်သူဖြစ်သလို ငယ့်ရဲ့ ချစ်တတ်မှုတွေ အကုန်လုံးကို သိမ်းပိုက်သွားတဲ့သူပါကိုရယ် ။ ဒါပေမယ့် AIDS ဆိုတာကို ငယ်ကြောက်တယ်လေ ။ ငယ့်မျိုးဆက် ။ငယ့်ဘ၀ ။ ငယ် မပေးရဲဘူးကိုရေ ။


ဒီလိုနဲ့ ငယ့်ရဲ့ ကို (ငယ်စောင့်ကြည့်မယ်ဆိုတာ ကို လက်မခံတဲ့ကို ။ ချစ်ရင် အကုန်လက်ခံရမယ်ဆိုတဲ့ကို ။ ဘာရောဂါမှ ဖြစ်လာခဲ့ရင်တောင် အတူတူ လက်ခံနိုင်ရမယ်လို့ဆိုတဲ့ကို ။)


အရမ်းကို ရှုပ်တော့ပါတယ် ။


(ငယ့်ကိုတော့ငါ့ကိုနင်မဖြတ်သွားနဲ့ ။ နင်စောင့်ကြည့်ချင်သလို ၃နှစ်စောင့်ကြည့် ။ ဖြတ်သွားရင် နင်တကယ်မလွယ်ဘူး ။ နင်ငါ့ကို လက်မထပ်နိုင်သေးရင် နင်နေ ။ တခြားသုတော့ နင်ပက်သတ်ရဲရင် ပတ်သက်ကြည့်တဲ့ ။ )

ငါနင့်ဆီ ကို လုံးဝမလာဘူး ။ ဒါပေမယ့် နင်သေတဲ့အထိ ငါ့ချစ်သူဘဲ တဲ့ ။ နင့်ဘ၀မှာ နင့်ဘေးမှာ ရပ်တည်မယ့် လူကငါဘဲဖြစ်ရမယ် ။ ငါမဖြစ်ရရင် အခြားသူလုံးဝမဖြစ်ရဘူး တဲ့ ။)


အရင်းနှီးဆုံး သူငယ်ချင်းကောင်မလေးက အစ တခြားကောင်မလေးတွေ မှ အဆုံး ကို့ကို ပတ်သက်တာမှန်သမျှ ကို ပတ်သက်တော့တာပါဘဲ ။

( ကိုက အရမ်းချောတာကိုးနော် ။ အရပ်ကလည်း ၅ ပေ ၁၁ လက်မ ) တကယ့်ကို ကောင်မလေးတွေ စိတ်ကူးယဉ်စရာလေးကိုနော်။ကောင်မလေးတိုင်း ရင်ခုန်စရာ ပထ၀ီ ကင်းဘဲလေ နော် ။ ပြီးတော့ အနုပညာသမားဆိုတော့ ကောင်မလေးမရှားဘူးပေါ့ ကိုရယ် ။)

ငယ့်ရဲ့ ပတ်ဝန်းကျင်မှာ ကိုကငယ့်ကိုထားသွားပြီ ။ ငယ်က ဘာဖြစ်သွားပြီဆိုတဲ့ စကားသံတွေနဲ့ ငယ်တကယ့်ကို ပက်လက်မျောခဲ့ရတာပါ ။( ကို့အမေ အသိဆုံးနော် )ငယ်နဲ့အတူတူ လိုက်ငိုပြီး ရင်ဆိုင်ပေးရတဲ့ ကို့မေမေက ငယ့်ကို အသနားဆုံးပါ
။ငယ်မှန်တယ်ဆိုတာကို ထောက်ခံအားပေးဆုံးပါ ။


နောက်ဆုံး ငယ်နဲ့ကိုကလည်း ပြတ်တာမဟုတ် ။ ၃ နှစ်ပြည့်ရင် ငယ်ယူမယူ ကိုကလည်း သိချင် ။

၃ နှစ်အတွင်း ငယ်ခံနိုင်မလားလို့ လည်းသိချင် ။ကို ဆိုးလိုက်တာမှ ငယ်တကယ့်ကို လဲပြိုသွားတဲ့အထိပါ ။ကောင်မလေးတစ်ယောက်နဲ့တစ်ခါမှားတာတောင်လက်မထပ်နိုင်ခဲ့တာကိုရယ် ကောင်မလေးပေါင်းမြောက်မြားစွာ ။

ငယ် သေသွားတာမှ ကောင်းဦးမယ်ကိုရယ် ။ ကို့ကို ငယ်ကြောက်တယ် ။


နောက်ဆုံး ကို့ကို ဘာမှ မပြောဘဲ ငယ် ။ တစ်ယောက်ထဲ နိုင်ငံခြားကို ထွက်လာတယ်ပေါ့ ။ တစ်ယောက်ထဲ ကို့သတင်းတွေ နားထောင်တယ် ။ ဘ၀ကို တစ်ယောက်ထဲ ရင်ဆိုင်တယ်ပေါ့ ကိုရယ် ။


ငယ်ချစ်တဲ့ကိုကတော့ ငယ့်ကိုစိတ်နာလွန်းလို့(ချစ်ရဲ့သားနဲ့အတ္တကိုဦးစားပေးတဲ့မိန်းမတဲ့)


ကို ငယ်မရှိတဲ့နောက်ပိုင်း ၁နှစ်ကြာမှာ လက်ထပ်သွားခဲ့ပါတယ် ။

ကို့ကို လက်ထပ်တဲ့မိန်းမကို ကိုက မချစ်ပေမယ့် ငယ့်ကို စိတ်နာလွန်းလို့ ငယ်တို့မွေးနေ့မှာ လက်ထပ်လိုက်တာတဲ့ ။

လက်ထပ်ပြီးနောက်ပိုင်း အရက်တွေသောက်တယ်တဲ့ ။

လုပ်ချင်တာ လုပ်တယ်တဲ့ ။

ကို့ကောင်မလေးက အရမ်းသနားဖို့ကောင်းတယ်တဲ့ ။

သတင်းတွေ ။ သတင်းတွေ ကြားလိုက်ရတာ ။ ငယ်လေ ။

ငယ်မသိလိုက်မသိခင်မှာဘဲ ငယ်ဟာ အရမ်းကို အစစအရာရာ ပြောင်းလဲနေတဲ့မိန်းမတစ်ယောက်ဖြစ်နေခဲ့တယ် ။


ငယ့်တို့ရဲ့ အမှတ်တရ နေ့လေးတွေ မှာ ကို့ကို အပြည့်လွမ်းလိုက်တယ် ။

ချစ်စိတ်ရှိလို့ ချစ်ခဲ့တယ်လေ။ လွမ်းစိတ်တွေ ဖြစ်နေလို့ ခဏတော့လွမ်းလိုက်တယ် ။

ကျန်တဲ့နေ့တွေ မှာတော့ ဒီလိုပါဘဲနော် ။ ကျော်ဖြတ်ရင်းနဲ့ပေါ့ ။


ကို့ကို ငယ်လုံးဝ မမုန်းပါဘူး ။ ဒီနေ့အချိန်ထိလည်း ငယ်ကိုအပါအ၀င် အားလုံးကို ချစ်ရမှာ ကြောက်နေသေးတယ် ။

တခြားသူတစ်ယောက် လည်း လက်မခံပါဘူး ။

ငယ်ငယ်ထဲကချစ်တဲ့ ငယ်ချစ်တဲ့ ကို့ကိုတောင် ငယ်ရင်တွေ ကွဲထွက်လုအောင် ချစ်ပေမယ့် စွန့်လွှတ်လိုက်သေးတာ ။

တခြားသူဆိုရင်ရော ကိုရယ် ။

မချစ်နိုင်တော့ပေမယ့် ။မချစ်သင့်တော့ပေမယ့် ကို့ကို ငယ်မမုန်းခဲ့လို့ ။

တကယ်လို့ကိုသည်လဲဘဲငယ့်ကိုစိတ်ထဲမထားနေဘဲကိုတည်ထောင်တဲ့အိမ်ထောင်ရေးလေးကို တန်ဖိုးထားစေချင်ပါတယ်ကိုရယ် ။ (သူကငယ့်ထက်ကို့ကို ချစ်တာဘဲ) ။ ကိုကံကောင်းပါတယ် ။

ငယ့်လို မိန်းမမျိုးကို မရခဲ့တာ ကိုကံကောင်းခဲ့တာဘဲလေနော် ။

ငယ့်ကို မုန်းသည် ။ ချစ်သည်ကို မခံစားနေပါနဲ့တော့နော် ။


ငယ်သည်လဲဘဲလူပျိုဘ၀နဲ့ကို့ကိုတောင်လက်လွှတ်ခဲ့တာ အိမ်ထောင်သည်ဘ၀ နဲ့ ကို့ကို ဆောရီးပါဘဲကိုရယ် ။


တကယ်လို့ ဒီစာလေးကို ကိုဖတ်မိရင် ကို့အိမ်ထောင်ရေးလေးမှာ ကိုနောက်တစ်ခါ မမှားအောင် ဂရုစိုက်ပေးပါကိုရေ ။

ကို့ကိုချစ်တဲ့မိန်းကလေးရထားတာ ဘဲကိုရယ် (ငယ့်ကိုပေးမယ်ဆိုတဲ့ မိသားစုလေး သူ့ကိုပေးလိုက်ပါ ။)

ဒါကြောင့် ကိုနောက်ထပ်မမှားအောင် ဂရုစိုက်ပေးပါနော် ။



ငယ်ကို့ကို စွန့်လွှတ်ခဲ့တာ ကို့ရဲ့အမှားတစ်ခုကြောင့်ပါ ။


ငယ်တို့လိုမိန်းမတွေကနှာခေါင်းမပါရင်မစင်တောင် စားတတ်တယ်ဆိုပေမယ့်

နှာခေါင်းပါလို့ ရင်ကွဲခံတဲ့မိန်းမတွေလည်းရှိပါသေးတယ်ကိုရယ် ။


အမှတ်တရနေ့လေးတွေ မှာ ငယ် အမှတ်ရလိုက်ပါတယ် ။

ပြီးတော့ ကို့ကို ခဏလွမ်းမိပါတယ် ။

ပြီးတော့ မေ့လိုက်ပါတယ် ကိုရယ် ။


ကိုဆိုတာငယ့်ဘ၀ရဲ့တစ်ကယ်တော့ အမှတ်ကလေး တစ်စက်ပါဘဲနော် ။


ငယ်ဆိုတာတကယ်တော့ ချစ်ရင်ချစ်ရဲပြီးအတ္တနဲ့ယှဉ်လာရင်ချစ်လွန်းတဲ့သူကိုတောင်ရင်ကွဲခံပြီး စွန့်လွှတ်လိုက်တတ်တဲ့။နောက်ကွယ်မှငိုနေတတ်တဲ့အတ္တခပ်ကြီးကြီး မိန်းကလေးတစ်ယောက်ပေါ့ကိုရယ် ။


ကို့ကို အစထဲက အမှတ်တရ မချစ်ခဲ့လို့ စွန့်လွှတ်လိုက်တာ မဟုတ်ပါဘူး ။

ကို့ကိုအမှတ်တရများစွာနဲ့ချစ်ခဲ့ပြီးငယ့်ရဲ့မိသားစုကို အသန့်ရှင်းဆုံးတည်ဆောက်မယ် ဆိုတဲ့ (အနာအဆာမပါဘဲနဲ့ ) အတ္တကြောင့် ရင်ကွဲခံပြီး စွန့်လွှတ်လိုက်တာပါ ။


ကို့ ရဲ့ ငယ် 

နှင်းဆီသံစဉ်

No comments:

Post a Comment