Sunday, November 28, 2010

နှင်းဆီသံစဉ်နှင့်အသက်ရှင်ခြင်း

မနက်ခင်းလေးတစ်ခုရောက်ရှိလာပြန်ပြီပေါ့ ။
အော် ကျွန်မရုံးသွားရဦးမှာပါလားနော် ။
အိပ်ယာမှထထချင်း သတင်းစာဖတ်တတ်တဲ့အကျင့်လေးအတိုင်း သတင်းစာထိုင်ဖတ်ချင်လာသည် ။
စားပွဲပေါ်မှ သတင်းစာလေးကို လှမ်းကြည့်လိုက်သည် ။
အိုးးးးးးးးးး။ ဟင်…….ကျွန်မလန့်ဖျတ်ပြီး အော်ဟစ်မိလိုက်သည် ။ ဒီနေ့သတင်းစာရဲ့မျက်နှာဖုံးမှာ ကျွန်မ၏ ဓါတ်ပုံ အကြီးကြီးနဲ့
သတင်းတစ်ပုဒ်ပါလား ။
ဟင် ဘာဖြစ်လို့ သေမှုသေခင်းထဲမှာ ကျွန်မသတင်းပါလာရတာလဲ ။
အိုး ။
ထူးဆန်းလိုက်တာ ။
ခဏလေး ခဏလေး တစ်မိနစ်လောက်စဉ်းစားခွင့်လေးပေးပါနော် ။
ညက ကျွန်မအိပ်ရာဝင်တယ် ။ မအိပ်ပျော်ခင်ကျွန်မရင်ဘတ်တွေ အစမတန်နာကျင်ခဲ့တယ်။ ပြီးတော့ ကျွန်မဘာမှ မသိတော့ဘူး ။ ကျွန်မထင်တာက ကျွန်မနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်လေ ။
ကျွန်မနိုးလာတာ အိုး……..အခု မနက်၁၀နာရီတောင်ရှိနေပြီဘဲ ။
ဟင် ။ ကျွန်မအတွက် ကျွန်မသောက်နေကျကော်ဖီ ။ ဘယ်မှာလဲ ။ ဟင် ။ာမှလဲ ပြင်ဆင်မထားပါလား ။
အိုး ကျွန်မတော့ ဒီနေ့ရုံးနောက်ကျပြန်ပြီ ။ သူဌေးကို ဆူပူခွင့်ပေးမိပြန်ပြီပေါ့ ။
ကျွန်မ ဟိုကြည့် ဒီကြည့် လိုက်ကြည့်တယ် ။ တစ်ယောက်မှလဲ ကျွန်မမတွေ့ပါလား ။ ဘယ်ရောက်ကုန်ကြပြီလဲ ။
တစ်ယောက်ယောက်လောက် ။ ကျွန်မအိပ်ရာနိုးနေပြီလေ ။ ဘယ်ရောက်ကုန်နေကြတာလဲ ။ ကျွန်မအော်ပြောလိုက်တယ် ။

ဒါပေမယ့် ဘာမှ အကြောင်းပြန်မှု မရဘူး ။ ဘာတွေ ဖြစ်နေပါလိမ့် ။ စောစောက သတင်းစာနဲ့များ ပတ်သက်နေပြီလား ။

ကျွန်မအခန်းထဲမှာ လူတွေပါလား ။ အမလေး လူစုံတက်စုံ ကျွန်မအခန်းထဲကို သူတို့ ဘာဝင်လုပ်ပါလိမ့် ။ သွားကြည့်ဦးမယ် ။ ကျွန်မကိုကျွန်မ တိုးတိုးလေးပြောပြီး ကျွန်မအခန်းထဲကို ၀င်လိုက်တယ် ။

အခန်းထဲမှာ မေမေရယ် ။ဖေဖေရယ် ။ကျွန်မသူငယ်ချင်းတွေရယ် ။ ကျွန်မကို အမြဲတမ်းဆူပူကြိမ်းမောင်းတတ်တဲ့ သူဌေးရယ် ။ လုပ်ဖေါ်ကိုင်ဖက်တွေရယ် ။
ကိုကိုရယ် ။ မောင်လေးရယ် ။ မနီရယ် ။ ဟယ် ။ လူစုံတက်စုံပါလား ။

မေမေကဘာဖြစ်လို့ ရှိုက်ကြီးတငင်ငိုနေရတာလဲ ။

ကျွန်မချစ်သူကိုကို ….ဘယ်တုန်းကမှ မငိုတတ်တဲ့ကိုကို ။ လူကြီးဆန်တတ်တဲ့ကိုကို ဘာလို့အခု ယူကြုံးမရဖြစ်နေရတာလဲ ။

နေပါဦး ။ ကိုကို့ကို ဘယ်သူကကျွန်မအခန်းထဲ ၀င်ခွင့်ပေးလိုက်တာလဲ ။ မေမေလား ။ ဖေဖေလား ။
တခြား သူငယ်ချင်းတွေကလဲ ငိုလို့ ။ ဟင် ထူးဆန်းထွေလာပါလား ။ ကျွန်မနဲ့ရန်ခဏခဏဖြစ်တတ်တဲ့ မသူဇာကလဲ ငိုလို့ပါလား ။
သူဌေးကလဲ စိတ်မကောင်းတဲ့မျက်နှာနဲ့ ။

သူတို့ ဘာလို့ငိုနေကြတာလဲ ကျွန်မ သိချင်လာတယ် ။ သူတို့ ကျွန်မ၀င်လာတာလဲ
မသိချင်ယောင်ဆောင်နေကြတယ် ။
နေရာလဲ ဖယ်မပေးကြဘူး ။
နေပလေ့စေပေါ့ ။ ကျွန်မသူတို့ကို ကျော်ပြီး ကြည့်လိုက်တယ် ။
ဟင် ဘာကြီးလဲ ။ ကြမ်းပြင်ပေါ်မှာ ကျွန်မပါလား ။ မဟုတ်ဘူးလေ ။ တစ်ခုခုမှားနေပြီ ။ ကျွန်မကဒီမှာလေ ။
အဲဒါကျွန်မမဟုတ်ဘူးလေ ။ သူမကိုကြည့်ပြီး ငိုနေကြတာ မှားနေပြီ ။
ကျွန်မ က ဒီမှာလေ။
ဘာလို့လှည့်မကြည့်ကြတာလဲ ။ ကျွန်မဒီမှာလေ ။
ကျွန်မလည်ချောင်းတွေ ကွဲအက်လာတဲ့အထိ အော်ပြောလိုက်တယ် ။ မေမေ သမီးကဒီမှာလေ မေမေဘာလို့ငိုနေတာလဲ ။

ဘယ်သူမှလဲ ကျွန်မအော်သံကို မကြားကြဘူး ။

ကျွန်မမသေပါဘူး ။ ဒီမှာပါ ။ ဖေဖေ ကျွန်မကိုတစ်ချက်ကြည့်ပါဦး ။
ဖေဖေကလဲ ငိုင်နေလို့ ။

ကျွန်မကိုကို့ဆီပြေးသွားလိုက်တယ်။
ကိုကို ကွေးလေး မသေဘူးကိုကို ။ ကွေးလေးက ဒီမှာလေ ။ ကိုကိုမငိုနဲ့နော် ။

ကျွန်မပြောရင်းပြောရင်းမောလာတယ် ။ ဘယ်သူမှလဲ ကျွန်မကို မကြည့်ကြဘူး ။
ကျွန်မ အာခေါင်တွေခြောက်လာတယ် ။ ဘယ်လောက်ဘဲအော်ပြောမိပါစေ ဘယ်သူမှ ကျွန်မကို မကြည့်ကြဘူး ။

ကျွန်မရဲ့အိပ်ရာလေးပေါ်က ကျွန်မကို ကြည့်ပြီး သူတို့တွေ ကျွန်မကို ဂရုမစိုက်ကြဘူး ။

ကျွန်မငိုချင်လာတယ် ။ ကျွန်မတကယ်ဘဲသေဆုံးသွားပြီလား ။ သူတို့ကျွန်မကို ဘာလို့ ဂရုမစိုက်ကြတော့တာလဲ ။ သူတို့ ကျွန်မကို သေဆုံးသွားပြီလို့ သတ်မှတ်ကြတာလား ။
ကျွန်မကိုယ့်ကိုကိုယ်ဘဲ မေးခွန်းပေါင်းများစွာနဲ့ အခန်းနဲ့ဝေးရာကို
ဦးတည်ရာမဲ့ ထွက်လာခဲ့တယ် ။
ငါ တကယ်သေဆုံးသွားပြီလား ။ ကျွန်မကိုယ့်ကိုကိုယ်ထပ်မေးမိလိုက်တယ် ။

ဒါဆိုရင်မေမေ ။ ဖေဖေ ။ သူငယ်ချင်းတွေ ။ ချစ်သူကိုကို။ မောင်လေး သူတို့တွေ ကိုကျွန်မပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့ ။

ကျွန်မ အခန်းနားကို ပြန်သွားပြီး အခန်းအပြင်နားမှာ ထိုင်ချလိုက်တယ် ။

အခန်းထဲကို ကျွန်မလှမ်းကြည့်လိုက်တော့ …
ကျွန်မကိုချစ်တဲ့သူတွေ ။ ကျွန်မကချစ်တဲ့သူတွေ ကျွန်မ ကိုယ်ဘေးနားမှာ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်ပြီး ရှိနေကြတယ်လေ ။

ဒါပေမယ့်ကျွန်မကတစ်ယောက်ထဲ …

မေမေ …ကျွန်မမထင်မှတ်လောက်အောင်ကို ရှိုက်ကြီးတငင်နဲ့ ။ (မေမေအမြဲတမ်းဆူရတဲ့သမီးကို မေမေလက်မလွှတ်နိုင်သေးဘူးတဲ့ )
ချစ်သူကိုကို………..တကယ့်ကို ၀မ်းနည်းနေတဲ့ပုံဘဲ ။ ကျွန်မသေဆုံးတယ်ဆိုတာကို
လက်မခံနိုင်ဘူးတဲ့ ။

မောင်လေးကလဲ ငိုနေလို့ ။

ဘာလို့များ ။
ဘာလို့များ ။
တကယ်ဘဲ ကျွန်မသေဆုံးသွားပြီလား ။
ကျွန်မလုပ်ချင်တာတွေ ရှိသေးတယ်လေ ။
ကျွန်မလုပ်သင့်တာတွေ ရှိသေးတယ်လေ ။
ကျွန်မရင်ဘတ်ထဲ ဆို့တက်လာတယ် ။ ငိုချင်လာတယ် ။ မေးခွန်းပေါင်းများစွာနဲ့ ။
ကျွန်မရဲ့မေမေ့ကို ကျွန်မအတွင်းစိတ်ကို မပြရသေးဘူးဘဲ ။ မေမေဘယ်လောက်ဘဲဆူဆူ မေမေဆူတာကျွန်မကိုချစ်လို့ဆိုတာ နားလည်တယ်ဆိုတဲ့အကြောင်း ကျွန်မမပြောခဲ့ရသေးဘူးလေ ။
ကျွန်မ မေမေ့နောက်ကွယ်မှာ မေမေဆုံးမတဲ့အတိုင်း အသက်ရှင်နေထိုင်ပါတယ်ဆိုတာကို မေမေ၀မ်းသာအောင်ကျွန်မမပြောရသေးဘူးဘဲ ။
မာနတွေအရမ်းကြီးတတ်တဲ့ကျွန်မက မေမေ့ကို အရမ်းချစ်တယ်ဆိုတာ မေမေ့အတွက်ဘဲ အစစအရာရာတွေးပူတတ်တယ်ဆိုတာ ။ မေမေ့စိတ်ကြိုက်နေပေးတော့မယ်ဆိုတာ
ကတိမပေးရသေးဘူးဘဲ ။မေမေ့ကိုစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးဆိုတာ
မေမေပျော်အောင်
ကတိမပေးရသေးဘုးဘဲ ။

ကျွန်မအရမ်းချစ်တဲ့ကျွန်မမောင်လေးကို ကျွန်မသူ့ကို ဘယ်လောက်မျှော်လင့်ပြီးချစ်တယ်ဆိုတာ မပြောပြခဲ့သေးရဘူးဘဲ ။ကျွန်မမောင်လေးအပေါ်စည်းကမ်းတွေ ချမှတ်ထားတယ်ဆိုတာ အရမ်းမျှော်လင့်လို့ဆိုတာကို မောင်လေးမသိသေးဘူးဘဲနော် ။
ကျွန်မကိုကို့အပေါ်မှာ ကိုကိုအလိုလိုက်လို့ ဆိုးတယ်ဆိုပေမယ့် ကိုကို့ကို အရမ်းချစ်တယ်ဆိုတာ မပြောပြရသေးဘူး ။
ကိုကို အရမ်းကောင်းတယ်ဆိုတာ ကျွန်မသိတယ် ကိုကို့ကိုလည်း ကျွန်မ နားလည်မှုတွေနဲ့ချစ်နိုင်အောင် ကြိုးစားမယ်ဆိုတာ ကတိမပေးရသေးဘူး ။

ကျွန်မခိုင်းသမျှ မငြီးမငြူလုပ်ပေးတတ်တဲ့ မနီကို ကျွန်မဒီလကုန်လစာတိုးပေးမယ်ဆိုတာလဲ မပြောရသေးဘူးလေ ။

ကျွန်မသူဌေးကို ကျွန်မ ရာထူးတိုးစာမေးပွဲ ဖြေမယ်ဆိုတာလဲ မပြောရသေးဘူးလေ ။
ကျွန်မဘယ်လောက်ဘဲဆိုးဆိုး ကျွန်မကို အပြစ်မယူတတ်တဲ့ ဖေဖေ့ကို ကျွန်မလေးစားမြတ်နိုးကြောင်း မပြောရသေးဘူးလေ ။
ဝမ်းဘဲနည်းနည်း ၀မ်းဘဲသာသာ အတူတူမျှဝေခံစားပေးတတ်တဲ့ကျွန်မသူငယ်ချင်းတွေကိုကျွန်မကျေးဇူးတင်ကြောင်း
သူတို့ကို တကယ့်ကိုခင်မင်ကြောင်း မပြောရသေးဘူးလေ ။

ရုတ်တရက်ကျွန်မတွေ့လိုက်တာကျလာမယ့်မျက်ရည်ကို လူမမြင်အောင်လက်နဲ့ကွယ်သုတ်လိုက်တဲ့ သူ ကျွန်မ၏ရန်ဘက်တော် မသူဇာ ။
သူမကရော ဘာဘဲဖြစ်ဖြစ်အရေးနဲ့အကြောင်းနဲ့ဆိုရင် ကျွန်မကိုအရင်ဦးဆုံး ကာကွယ်ပေးတတ်တယ်လေ ။
မသူဇာနဲ့ပတ်သက်တာမှတ်မိပါသေးတယ် ။
တရက် ရုံးပြန်နောက်ကျတော့ ကျွန်မတစ်ယောက်ထဲဖြစ်မှာစိုးလို့ ကျွန်မကို နင်နဲ့ရန်ဖြစ်မလို့ ငါနေဦးမယ်ဆိုပြီး ကျွန်မနဲ့အတူတူအလုပ်တွေပြီးသည်အထိ
သူမနေပေးပြီး အတူတူ ပြန်ခဲ့တာ ကျွန်မကျေးဇူးတင်စကားမပြောရသေးဘူးဘဲလေ ။
ကျွန်မလွန်ခဲ့တာတွေ တောင်းပန်ချင်ပါတယ် ။ ကျွန်မရင်ထဲကစကားလုံးတွေကို
ကျွန်မဟန်မဆောင်တမ်းပြောပြချင်ပါတယ် ။ ကျွန်မသူတို့အနားကိုပြန်သွားပြီး
တစ်ယောက်ချင်းဆီကိုကျွန်မ တောင်းပန်စကားဆိုချင်လိုက်တာ ။ ကျွန်မ ဒီမှာလေ ။
အဲသည့်နားမှာ မနေကြပါနဲ့ ။ ကျွန်မကိုလာခေါ်ကြပါ ။ ကျွန်မဒီမှာလေ ။

ကျွန်မကို ခွင့်လွှတ်ပြီး အားလုံးရဲ့အနားမှာ အားလုံးကို ကျေးဇူးတင်စကားလေးပြောချင်လို့ အခွင့်အရေးလေးတစ်ခါလောက်ပေးကြပါ ။ တစ်ခါထဲပါ ။ တစ်ခါထဲ ပေးကြပါ ။
မေမေရေ
ကိုကိုရေ
သံစဉ် ဒီမှာလေ ………….

ကျွန်မရဲ့အော်သံကြောင့်လားတော့မသိဘူး ။ ကိုကို ကျွန်မဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ် ။
ကိုကို
ကိုကို

ကျေးဇူးတင်လိုက်တာကိုကိုရယ် ။
ကျွန်မထိုင်ရာမှကြုံးထပြီး ကိုကို့ဆီပြေးသွားလိုက်တယ် ။
ဒါပေမယ့် ကျွန်မအနားမရောက်ခင်မှာ ဟိုဘက်ကိုပြန်လှည့်သွားတယ် ။

ဟင် ။ ငါ တကယ့်ကိုဘဲသေဆုံးသွားတာပေါ့ ။
ကျွန်မ ငိုချင်စွာနဲ့ဘဲသူတို့ကိုကျော်ပြီး ကျွန်မခန္ဓာကိုယ်ဘေးနားမှာ ငုတ်တုတ်ထိုင်ချလိုက်တယ် ။
ကျွန်မတကယ်မသေချင်သေးပါဘူး ။ အားလုံးကို ကျွန်မတောင်းပန်စကားဆိုဖို့ကျွန်မကိုရက်နည်းနည်းလေးဘဲပေးပါနော်..
ကျွန်မအားလုံးကို ဘယ်လောက်ချစ်ကြောင်း ပြောခွင့်လေးဘဲ ပေးပါရှင် ။
ကျွန်မ မောလာတယ် ။
အကျယ်ကြီးငိုချလိုက်တယ် ။
ကျွန်မဒီလိုကြီးမသေချင်ပါဘူးရှင် ။
ကျေးဇူးပြုပြီးကျွန်မမသေပါရပါစေနဲ့ဦးရှင် ။
ကျွန်မကြောင့်ကျွန်မမေမေပြုံးနေနိုင်အောင်လုပ်ပေးချင်လို့ပါ ။
ကျွန်မကြောင့် ကျွန်မဖေဖေ လက်မထောင်နိုင်အောင်
ကျွန်မကြောင့် ကျွန်မသူငယ်ချင်းတွေပျော်ရွှင်အောင်
အခွင့်အရေးလေးတစ်ခါဘဲပေးပါရှင် ။
ကျွန်မမသေပါရစေနဲ့ဦး ။
ကျွန်မလည်ချောင်းတွေ ကွဲအက်တဲ့အထိအော်ဟစ်ပစ်လိုက်တယ် ။


ကျွန်မကို အသက်ရှင်ခွင့်တစ်ခါလောက်ပြန်ပေးပါ ။

ကျွန်မကို အသက်ရှင်ခွင့်တစ်ခါလောက်ပြန်ပေးပါ ။

ကျွန်မကို အသက်ရှင်ခွင့်တစ်ခါလောက်ပြန်ပေးပါ ။

မမ
မမ
မမ
မမ

အခန်းဖေါ် သူငယ်ချင်း ရဲ့လှုပ်နှိုးသံနှင့်အတူတူ ကျွန်မမျက်လုံးလေးဖွင့်လိုက်မိတယ် ။
မမ ဘာတွေအော်နေတာလဲ ။ ရော့ ရေလေးသောက်လိုက်ဦးနော် ။

ကျွန်မ အိပ်မက်မက်နေတာပါလား ။ အိုး ဘုရားသခင် ဒါဆို ကျွန်မမသေဘူးပေါ့ ။

အိုး ဘုရားသခင်

ကျေးဇူးကြီးမားလိုက်တာ ။

ကျွန်မသူမ ကို လှမ်းဖက်လိုက်တယ် ။

ညီမလေး အမနဲ့အတူတူနေပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်လို့ အငမ်းမရ ပြောလိုက်တယ် ။

ညီမလေးက နည်းနည်းတော့ အံ့အားသင့်ပြီး ညီမလဲ အမနဲ့နေရတာ ကျေးဇူးတင်ပါတယ်တဲ့ ။

ကျွန်မဘ၀မှာ ကြားဖူးတဲ့စကားသံတွေထဲမှာ သည်တစ်ခါကြားရတာ အရမ်းအရသာရှိတာပါဘဲရှင် ။

အိပ်ရာမှ ကြုံးထပြီး မေ့မေ့ကို ဖုန်းခေါ်လိုက်တယ် ။

ညကြီးသန်းခေါင် ဖုန်းခေါ်ပေမယ့် အသည်းအသန် ဖုန်းလာကိုင်တဲ့မေမေ့ကို အငမ်းမရနဲ့ မေမေ သမီးကို မွေးပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ။ မေမေနောက်ကွယ်မှာ
မေမေ့သမီး အမြဲတမ်းလိမ်မာအောင်နေပါတယ် ။
ပြီးတော့ မေမေ့ကိုသမီး အရမ်းချစ်ပါတယ် လို့ ပြောလိုက်တယ် ။”

ကျွန်မသိတယ် ။ မေမေ ပျော်နေမယ်ဆိုတာကို ။ အံ့အားသင့်နေမယ်ဆိုတာလဲ သိတယ် ။ ဒါပေမယ့် ကျွန်မအရမ်းကျေနပ်မိပါတယ် ။

ကျွန်မမောင်လေးကို ဖုန်းခေါ်တယ် ။ ပြီးတော့ သူ့ကို ကျွန်မအရမ်းမျှော်လင့်ထားလို့ စည်းကမ်းတွေတင်းမိကြောင်းပြောပြလိုက်တယ် ။
သူ့ကိုကျွန်မအရမ်းချစ်ကြောင်း ပြောမိလိုက်တယ် ။

ပြီးတော့ ကျွန်မချစ်သူ ကိုကို့ထံ ဖုန်းဆက်လိုက်တယ်


ကိုကိုရေ ကိုကို့ကို ကွေးလေးအရမ်းချစ်တယ် ။ နောက်ဆိုရင် ကွေးကိုကို့ကို မဆိုးတော့ဘူးနော် ။ ကိုကိုက ကွေးလေးအတွက်ဘာနဲ့မှ လဲလို့မရတဲ့
အဖေါ်ကောင်းလေးပါလို့ ပြောလိုက်တယ် ။”

ချစ်လားမေးတိုင်းချစ်တယ်လို့ပြောဖို့ခက်တဲ့ကျွန်မလိုချစ်သူကိုရရှိထားတဲ့ကိုကို ရုတ်တရက်ကြီးချစ်တယ်ပြောလာတဲ့ကျွန်မကို အံ့အားသင့်နေမှာတော့ အမှန်ဘဲလေ ။

ဒါပေမယ့် ကိုကိုပျော်နေမှာ ကျွန်မသိတယ် ။ ကိုကိုပြုံးနေမှာလဲ ကျွန်မသိနေပါတယ် ။

ကျွန်မကို ပြန်ပြောခဲ့တာက ကွေးလေးဘယ်လိုပုံစံ ဘယ်လိုအနေအထားဘဲရှိနေပါစေ ကိုကို ကွေးလေးနဲ့အတူတူရှိနေပေးမှာပါ .။ ချစ်နေမှာပါတဲ့ ။

အိုး …တကယ့်ကို လှပလိုက်တဲ့ကမ္ဘာကြီးပါလားနော် ။

မနက်ကိုကျွန်မမြန်မြန်ရောက်ချင်လှပါပြီ ။ သူငယ်ချင်းအားလုံးကို
ကျွန်မအသက်ရှင်နေထိုင်စဉ်ကာလလေးမှာ
တွေ့ဆုံခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းကို ကျွန်မပြောချင်လိုက်တာ ။

ကျေးဇူးတင်ပါတယ် အဖ ဘုရားသခင် ။ ကျွန်မကို ကျေးဇူးတင်စကားပြောရန် ။ ချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်တတ်ရန်
နောက်တကြိမ်အသက်ရှင်ခွင့်ပေးတဲ့အတွက်ကြောင့်ပါ

သူငယ်ချင်းအားလုံးလဲ နောက်မကျသေးပါဘူးရှင် ။ မိမိနဲ့ပတ်သက်တဲ့သူမှန်သမျှကို ချစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖေါ်ထုတ်ပြသဖို့အတွက် နောက်မကျသေးပါဘူးရှင် ။

သံစဉ်တို့အားလုံးဟာ ရုတ်တရက်သေဆုံးသွားမယ်ဆိုရင် ဘာကိုမှ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကို သံစဉ်သိလိုက်ရတဲ့အတွက် ………………………..

အားလုံးကို ချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်စေချင်ပါတယ်ရှင် ။

နှင်းဆီသံစဉ်















No comments:

Post a Comment