Friday, March 16, 2012

အိမ်မက်လေး............ရဲ့ ............ဘ၀ အစ

သမီးမောင်လေးကို မေမေမွေးမယ့်ရက်က 07-12-2011 ကိုပေးထားတာပေါ့ ကွယ်....
စောမွေးရင်လဲ စောမွေးမယ်လို့ တော့ ဆရာဝန်ကြီးက ပြောတာဘဲ.........

မေမေက သမီးမောင်လေးကို မိခင်ပီသစွာနဲ့ သဘာဝအတိုင်းမွေးချင်တာ ။ သမီးလေးရဲ့ဖေဖေက နာမယ်ပြောတာတောင် သူရဲကောင်းဆန်ဆန် ရိုးရိုးဘဲမွေးမယ်လို့ ဇွတ်ဆုံးဖြတ်ခဲ့တယ်သမီးလေးရေ.....

ဒါပေမယ့်သမီးလေးက မေမေမွေးခါအနီးအထိ ခေါင်းက အောက်ကို မစိုက်သေးဘူးတဲ့ ။ မတ်တပ်ကလေး ဖြစ်နေရော .....

၂၁ -၁၁- ၂၀၁၁ နေ့မှာ ဆရာဝန်က မတ်တပ်ဖြစ်နေလို့ ခွဲမွေးရမယ်လို့ ဆုံးဖြတ်ပေးတာနဲ့ သမီးလေးကို မေမေက ခွဲမွေးဖို့ ဆုံးဖြတ်ခဲ့ရတယ် ။

သမီးလေးကိုခွဲမယ်ဆိုတော့ မေမေက သမီးလေးကို ဘုရားသခင်လက်ထဲအပ်ခဲ့တယ် ။

မေမေ အလုပ်ရှင်သူဌေးက သူတို့ ယုံကြည်တဲ့ တရုတ်ဘုန်းကြီးဆီမှာ ဘယ်နေ့မွေးတာ အကောင်းဆုံးလဲ ဆိုပြီး မေးခဲ့တယ် သမီင်္းလေးရေ ........တရုတ်ဘုန်းကြီးကလဲ ရက် ၃ ရက်ရွေးပေးခဲ့တယ်

23-11-2011 ( မနက် ၉ နာရီနဲ့ ၁၁ နာရီ )  ပထမ အကောင်းဆုံး ရက်
22-11-2011 ( ညနေ 3 နာရီ နဲ့ ၅ နာရီ ) ဒုတိယ အကောင်းဆုံး ရက်
24-11-2011 ( မနက် ၉ နာရီ နဲ့ ၁၁ နာရီ )  တတိယအကောင်းဆုံး ရက်

သမီးလေးကို အကောင်းဆုံးဘဲ ဖြစ်စေချင်တဲ့မေမေဟာ 23 ရက်နေ့ကို ဆရာဝန်နဲ့ ကြို ပြီး ချိန်းရတော့တာပါဘဲ .......

ဖေဖေကလဲ အဲသည့်ရက်မှ မရရင် မမွေးဘူးတဲ့ ။မေမေ့မှာလေ ......ရက်ချိန်းကို ကပ်ယူပြီး အစစ အရာရာ ပြင်ဆင်ရတော့တယ် ။

အလုပ် ထဲမှာလဲ မွေးခါနီးအထိ ခွင့်ယူလို့မရတဲ့မေမေဟာ သမီးလေးဆီကဘဲအားအင်ယူပြီး ၂၂ ရက်နေ့အထိ အလုပ်ဆင်းပေးခဲ့ပါတယ် ။

၂၁ ရက်နေ့မှာ မေမေ့အမေ ( သမီးလေးအဘွားက ) အသည်းအသန်ရောက်ချလာပါတယ် ။
အလုပ်မအားတဲ့ကြားကဘွားဘွားကိုလဲ အပြေးလေးသွားကြို လိုက်ပါသေးတယ် ။
တော်သေးတယ် သမီးလေးရေ ဘွားဘွားက အစစပြင်ဆင်လာလို့လေ.......

အရာရာ သတ္တိရှိတယ်ပြောပြီး မာကျောတတ်တဲ့ မေမေ ဟာလေ သမီးနဲ့ပတ်သက်ရင်တော့ အသေးလေးက အစ ကြောက်တတ်လိုက်တာ ။

၂၃ -၁၁-၂၀၁၁ မနက် ၁၀နာရီခွဲ လို့ အချိန်နေ့ရက်အတိအကျနဲ့သမီးလေးကိုမွေးဖို့ မေမေ ပြင်ဆင်ရပါတော့တယ်.......

၂၃-၁၁-၂၀၁၁

မနက် ၆ နာရီထဲက စိတ်တွေ လှုပ်ရှားပြီး နိုးလာလိုက်တာ ...... operation လုပ်ရမှာမို့ ညထဲက ရေမသောက်ရ ။ အစားမစားရလဲ မမှုပေါင် ။

ဗိုက်ထဲက မေမေ့သမီးလေး ထွက်လာမယ့်အချိန်ကိုဘဲ ရောက်ချင်နေ မိတယ်။
 ဘွားဘွားနဲ့ကိုကိုက ဟိုဟာထည့် ဒီဟာထည့်လုပ်နေပေမယ့် မေမေက မေမေ့လက်ဆွဲအိတ် ။ ဆေးရုံစာအုပ် ။ ပိုက်ဆံယူပြီး သွားမယ် သွားမယ်နဲ့ လောနေလိုက်တယ်။

ဆေးရုံကိုအိမ်နေရင်း ဂါဝန်နဲ့ဘဲသွားတက်မယ့်မေမေ့ကို ဘွားဘွားက ပွစိပွစိနဲ့ပေါ့ ။

ဆေးရုံကိုရောက်သွားတော့ ၉ နာရီခွဲ ။ မွေးမယ့်အခန်းနဲ့ဆရာဝန်ကိုမေးတော့ မေမေ့မွေးချိန်ကို နောက်ဆုတ်ထားတယ်တဲ့ ။

အဲဒါနဲ့ စိတ်ဆိုးသွားတဲ့ မေမေ ဟာ မရဘူး ၁၁ နာရီ မကျော်ခင်မွေးချင်တယ်လို့ကွန်ပလိန်းတက်လိုက်တော့မှ မေမေ့ကို ခဏစောင့်ခိုင်းထားတယ် ။

စောင့်နေတုန်း ဖွားဖွားကိုမေမေကခွဲခန်းသွားရင် wheel chair ကြီးနဲ့သွားရမှာဆိုပြီး အခန်းထဲမှာ အရေးပေါ် ထားထားတဲ့ wheel chair ကြီးကို နောက်ပြီး ပြထားတယ် ။

၁၀ နာရီ ၅ မိနစ်တော့ မေမေ့ကို ခွဲခန်းဝင်ဖို့ လာခေါ်တယ် ။ ဘွားဘွားက ပုတီးတစိတ်စိတ် ။ ဖေဖေက ဖင်တကြွကြွနဲ့ပေါ့ ။

မေမေကခွဲခန်းထဲသွားတော့မယ်လို့ပြောပြီး သူနာပြုလေးလာခေါ်တာနဲ့လိုက်သွားတယ် ။ နောက်က ဘွားဘွားတို့ လိုက်ခဲ့ဆိုပြီး ပြောခဲ့ပြီး မေမေက သွက်သွက် သွက်သွက်နဲ့လိုက်သွားတယ် ။

သူနာပြုလေးက မဒမ်က အရမ်းသွက်တာဘဲတဲ့ ။ မေမေ့ဆေးရုံခန်းရောက်တော့ ဘွားဘွားကနောက်ကနေ wheel chair ကြီးနဲ့ ခေါင်းကြီးစိုက်ပြီး လိုက်လာတယ် ။ မေမေခွဲမှာတွေးပြီး သွေးလန့်သွားတာတဲ့ ။ သွေးလဲ တက်သွားတယ် ။ အဲဒါနဲ့ ထိုင်ခုံပေးပြီးစောင့်ခိုင်းထားလိုက်တယ် ။

မေမေကတော့ ခွဲခန်းဝတ်စုံလဲပြီး ခွဲဖို့စောင့်နေရတယ် ။ အဲသည့်အချိန်မှာ အလုပ်ကို လှမ်းစစ်ရသေးတယ် ။


၁၀ နာရီ၄၀ မှာ မေမေ့ကိုလာခေါ်တယ် ။

အရာအားလုံး သတိနဲ့နေတဲ့မေမေ သမီးမျက်နှာမြင်ရတော့မယ်ဆိုပြီး........ပိတိတွေးလေးနဲ့တင် အားလုံး အိုကေ ဘဲ.....

၁၀ နာရီ ၄၅မှာ မေမေ့ကို တစ်ကိုယ်လုံးချွတ် ။ ဆေးစစ် ။ ပြီးတော့ ခါးထဲကို ဆေး၂ လုံးထိုးပေးလိုက်တယ် ။

ဆေးထိုးပြီးတဲ့နောက်မှာ ခြေထောက်တွေပေါ် ပုရွက်ဆိတ်တွေ တက်လာသလို ရွစိရွစိ နဲ့ ခြေထောက်အောက်ကြီးလေးလာလိုက်တာ..........

မေမေက နည်းနည်း ရွေ့ကြည့် ရွေ့ကြည့် ။ ဘယ်လိုမှ ရွေ့လို့မရတော့အောင်ကို ထုံကျင်ကျင်ကြီးဖြစ်သွားတယ် ။

ပြီးတော့ ကုတင်ကြီးကိုအောက်ကနေ အပေါ်ကိုတဖြည်းဖြည်းမြှင့်တင်ပြီး ......မေမေ့မျက်နှာကို ခန္ဓာကိုယ်အလယ်ပိုင်းကနေ ပုဝါနဲ့ခြားလိုက်ပါတယ် ။

မေမေနာရီကြည့်တော့ ၁၀နာရီ ၅၃ မိနစ် ။

ပြီးတော့ မေမေ့ဆရာဝန်ဖြတ်လျှောက်တာတွေ့လိုက်တယ် ။

ဘေးနားမှာ ဖေဖေက မေ့မေ့မျက်နှာကိုကြည့်ပြီး မေမေက ဖေဖေ့လက်တင်းတင်းဆုပ်ကိုင်လို့.......


ဝါး ၀ါးးးးးးးးးး ၀ါးးးးးးးးးးး ( အိုး.......ချစ်ဖို့ကောင်းလိုက်တဲ့အသံ )
၁၀ နာရီ ၅၉ မိနစ် ။

သမီးလေးကို ၂၃-၁၁-၂၀၁၁ ( ၁၀ နာရီ ၅၉ မိနစ် တိတိ) မှာ ဖွားမြင်ခဲ့ပါတယ် ။

သမီးလေးရဲ့ဖေဖေက သမီးအသံကြားတာနဲ့မေမေ့လက်ကိုလွှတ်ပြီး သမီးကို အပြေးလေးသွားကြည့်ပါတယ် ။

မေမေလေ ရုတ်တရက် ဘွားဘွားကိုသတိရတယ် ။ ပြီးတော့ အရမ်းပျော်တယ် ။ အဲဒါနဲ့ ငိုမိတယ် သမီးရယ် ။

ပြီးတော့ မေမေ့ကိုချုပ်ကြ ကိုင်ကြနဲ့ အခြား အခန်းထဲကိုရွေ့သွားပါတယ် ။ မရွေဲ့ခင်မှာ nurse လေးက

madam , your daughter is everything OK , very good girl,  3.245 Kg တဲ့ ။

မေမေ့မှာ သမီးလေးကို ကုတင်ပေါ်ကနေ ပြေးဆင်းပြီး ကြည့်ချင်လိုက်တာ......ခြေထောက်ကလှုပ်လို့မရလို့ပေါ့........

မေမေ မွေးခန်းကပြေးထွက်လာတော့ ဖေဖေရယ်ဘွားဘွားရယ်က မေမေ့နောက်ပြေးလိုက်လာပြီး အားလုံးကောင်းတယ် စိတ်အေးတော့လို့...........ပြောလိုက်မှ မေမေပျော်သွားတော့တယ် ။

ပြီးတာနဲ့ ဆရာဝန်မကို မေမေ့ဆီကလေးခေါ်လာပေးပါလို့တောင်းဆိုလိုက်တယ် ။

သမီးလေးကို သူတို့ ပထမဦးဆုံး နို့ဦးရည်လာတိုက်တာ.......မေမေ့မှာ မျက်ရည်စက်လက်နဲ့ နို့မထွက်လို့ ငိုရသေးတယ် ။ သမီးကတော့ ပြုံးစိစိလေးနဲ့ မျက်လုံးလေးက ပွင့်လို့ ။

သမီးကလဲ မစုပ်တတ် ။ မေမေကလဲ အထာမကျ ။ အရမ်းကို ကသိကအောက် နိုင်ရသေးတယ် ။

မွေးကာစထဲက မငိုတတ်တဲ့မေမေ့သမီးလေး ။
မျက်နှာပြုံးချိုချိုလေးနဲ့သမီးလေး ။

သမီးလေးရဲ့ ဘ၀အစထဲ က မေမေ့ကို အပြုံးလေးတွေပေးတဲ့မေမေ့သမီးလေး.......

အဲသည့်နေ့ထဲ့ စပြီး သမီးအတွက် မေမေ ဖြစ်နိုင်အောင် အစစအရာရာကြိုးစားပေးမယ် သမီးရယ် ။ လို့ ကတိပေးခဲ့မိတယ် ကလေးလေး ရယ် ။

နှင်းဆီသံစဉ်
25-11-2011
မနက် ၉ နာရီ