Tuesday, August 16, 2011

သမီးမောင် ၏ ဘ၀ အစ

သမီးမောင်ရေ .........

သမီးလေးရဲ့ ဘ၀အစကတော့ မေမေ့ရဲ့ အမှားနဲ့ စတင်တယ်လို့ ပြောလို့ရတယ်နော် ။ မေမေတစ်ယောက်ထဲ ဘ၀ကို ရုန်းကန်နေတဲ့ အချိန်မှာ သမီးဖေဖေ ( ကိုကို လို့ မေမေကခေါ်တယ် ) က မေမေ့ဘ၀ထဲ ၀င်ရောက်လာခဲ့တယ် သမီးရေ ။
နူးညံ့မှုတွေ ကိုမက်မောတဲ့မေမေ သမီးဖေဖေရဲ့ဂရုစိုက်မှု ။ အလိုက်သိတတ်မှုတွေအပေါ်မှာ ကျဆုံးခဲ့တယ် ။ သမီးဖေဖေကမေမေ့မေ့ကို အချိန်တော်တော် ပေးပြီး ဂရုစိုက်ပြီးသည်းခဲခဲ့တယ် ။ သမီးဖေဖေရဲ့ နောက်ကြောင်းရာဇ၀င်တွေလဲ မေမေမသိခဲ့ပါဘူး သမီးရယ် ။ဒါကြောင့် ဖေဖေ့ကိုမေမေလက်မှတ်ထိုးပြီး လက်ထပ်ခဲ့တယ် ။ ဧည့်ခံပွဲတော့ မြန်မာနိုင်ငံပြန်လုပ်ကြမယ်ဆိုပြီး စီစဉ်ခဲ့ကြတယ် ။ အလုပ်က ဘယ်လိုမှ အဆက်ဖြတ်ပြီး ပြန်လို့မရတဲ့ အချိန်မှာဘဲ ။။။
ဖေဖေ့ အကြောင်းတွေ ကိုမေမေသိလာတဲ့ အခါမှာ ဖေဖေ့ကိုမေမေ အဆက်ဖြတ်ခဲ့တယ် ။ ။ မေမေဘယ်လိုမှ လက်မခံနိုင်တဲ့ အနေအထားမျိုးနဲ့ဖေဖေ ပတ်သက်ခဲ့တာ။ မေမေ့ကို လိမ်ညာခဲ့တာ မေမေ ဘယ်လိုမှ ခွင့်မလွှတ်ပေးနိုင်ခဲ့ဘူး ။ ဒါကြောင့် ဖေဖေ့ကို မေမေအကင်းကွာဆုံးနဲ့ အဆက်ဖြတ်ခဲ့တယ် သမီးလေးရေ ။
မေမေ့ကို အရမ်းချစ်တဲ့ သမီးဖေဖေကတော့ မေမေ့ကို လက်လွှတ်မခံခဲ့ပါဘူး ။ သူ့အမှားတွေကို တောက်လျှောက်တောင်းပန်ပြီး မေမေစိတ်ဆိုးပြေအောင် လိုက်ပြီးချော့မော့နေခဲ့တယ် ။
သမီးရေ ...မေမေ့လိုလဲ သမီးလေးကို အယုံမလွယ်စေချင်ဘူးကွယ် ...
သမီးဖေဖေကို ဖြတ်ပြီး ၃ လလောက် ရှိတဲ့ အချိန် ။မထင်မှတ်တဲ့ အချိန်မှာတော့ မေမေဟာ နေမကောင်းဖြစ်ခဲ့တယ် ။
ပထမတော့ ရိုးရိုးနေမကောင်းဖြစ်တယ်ထင်ပြီး ဆေးတွေသောက်ခဲ့တယ်သမီးရယ် ။
အန်တယ် ။မူးတယ် ။ နောက်ဆုံး ဘယ်လိုမှ မဟန်နိုင်တော့မှ ဆေးခန်းသွားပြခဲ့တယ် ။
ဆေးခန်းရောက်တော့မှာ မေမေ့ဗိုက်လေးထဲမှာ သမီးလေး ရှိနေပြီတဲ့ ။မေမေမထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်သလို ၀င်ရောက်လာခဲ့တဲ့ သမီးလေးပေါ့ ။
ဘယ်လိုခံစားချက်မှန်းမသိပါဘူးကွယ်။ ရုတ်တရက် သွေးတွေ ပူသွားခဲ့တယ် ။ မေမေနေမကောင်းစဖြစ်ကထဲက စိတ်ပူပြီးမေမေ့အနီးအနားမှာ ထပ်ကြပ်မကွာလိုက်နေခဲ့တဲ့သမီးဖေဖေကတော့ မေမေ့မှာသမီးလေးရှိတယ်ဆိုတာနဲ့
ပါဝါအကုန်ပြတော့တာပါဘဲ။
မေမေ့ကိုနဂိုကမှ လက်လွှတ်မခံတာ ။သမီးလေးရှိတယ်ဆိုတော့ ပိုပြီးဂရုစိုက်ပေးခဲ့တယ်။သမီးနဲ့ပတ်သက်တဲ့ တာဝန်တွေကို အကုန်ယူပေးခဲ့တယ် ။ သမီးလေးနဲ့အတူတူ မင်္ဂလာပွဲလဲ လုပ်လိုက်သေးတယ်သမီးရေ ။
မေမေတို့မင်္ဂလာဆောင်ပုံတွေသမီးတွေ့ရင်သမီးလေးလဲ မေမေတို့နဲ့အတူတူပါတယ်ဆိုတာ သိနော်။
မေမေကတော့အဲသည့်အချိန်မှာဖေဖေ့ကိုစိတ်ဆိုးဖို့ဘာဖို့သတိမရတော့ဘဲ မစားနိုင်မအိပ်နိုင်နဲ့သမီးလေးကိုဘဲနေ့နေ့ညညရူးနေခဲ့တော့တယ်။အစစအရာရာသမီးလေးအတွက်စား။
သမီးလေးအတွက်လုပ်။သမီးလေးနဲ့စကားတွေပြော။မေမေ့ဘ၀မှာ အိမ်မက်တစ်ခုရှိလာသလိုဘဲ။
ဘယ်အရာမဆိုအဓိပ္ပါယ်ရှိလာခဲ့တယ်။
သမီးမောင်ရေ..............
သမီးလေးကမေမေ့ဘ၀ပါ။မေမေ့ရဲ့အိုအေစစ်လေးပါ။အစစအရာရာ မေမေ့ဘ၀က သမီးလေးပေါ်မှာဘဲရှိတယ်သိလား။
ဗိုက်ကလေးကိုပွတ်ပြီးသမီးရှိတဲ့နေရာလေးကိုမှန်းပြီးစကားပြောရတာမေမေ့အတွက်ဘာနဲ့မှ မလဲနိုင်တဲ့အချိန်လေးတွေပါသမီးရေ။
သားလေးလား။သမီးလေးလားမသိခင်အချိန်ထဲကမေမေကသမီးလေးဆိုတာသိပြီးသား။သမီးဖေဖေက
သားလေးဖြစ်စေချင်တာတောင်မေမေကသမီးဘဲလိုချင်တယ်လို့ပြောလို့သမီးလေးလို့လိုက်ခေါ်တဲ့အထိ
မေမေ့ကိုအလိုလိုက်ခဲ့တယ်။
သမီးလေးရေ ပထမဆုံး သမီးလေးကို မေမေ့ဗိုက်ထဲမှာဘယ်လိုနေလဲဆိုတာ ကြည့်တဲ့အချိန်လေးအရမ်းပျော်ခဲ့တယ်။ခေါင်းလေးနဲ့ကိုယ်လုံးလေးစပေါ်နေစပြုတဲ့ မေမေ့သမီးမောင်။
မေမေချစ်လိုက်တာ။ သမီင်္းမောင်အတွက်မေမေအစပ်တွေလုံးဝမစားတော့ဘူး။မေမေစောစောအိပ်တယ်။
စိတ်ကိုနူးညံ့အောင်ထားတယ်။
မေမေ့ကိုဘာဒုက္ခမှမပေးတဲ့သမီးလေး။မေမေကောင်းကောင်းအလုပ်ဆက်လုပ်နိုင်ခဲ့တယ်။
ခွင့်တောင်မယူခဲ့ရဘူး။
မေမေ့သူဌေးတွေကလဲသမီးအပေါ်ကောင်းလိုက်တာ။ သမီးလေးကလဲ မေမေ့ကိုအရမ်းသိတတ်လိမ်မာခဲ့တယ်။

သမီးဖေဖေကတော့ အလုပ်ကနေထွက်။ကိုယ်ပိုင်စီးပွားရေးလေးစလုပ်။ သမီးနောင်ရေးအတွက်တွေးပြီး
မေမေ့ကိုထားပြီးမြန်မာနိုင်ငံပြန်သွားခဲ့တယ်။စိတ်ကတော့တထင့်ထင့်နဲ့ပေါ့။
မေမေကတော့မေမေ့မှာသမီးလေးအဖေါ်ရှိတယ်ဆိုတဲ့စိတ်နဲ့ဘ၀မှာငါတစ်ယောက်ထဲမဟုတ်တော့ဘူး။
၂ယောက်ဖြစ်သွားပြီးဆိုတဲ့စိတ်နဲ့ပျော်လိုက်တာသမီးရေ။

အရာရာကိုရင်ဆိုင်နိုင်ခဲ့တယ်။

ကိုယ်ဝန် ၄လပြည့်တော့ဆရာဝန်စစ်တော့လဲယောကျာ်းလေးလားမိန်းကလေးလားမသိခဲ့ပါဘူးကွယ်။
သမီးလေးကအရှက်ကြီးပြီးပေါင်စိထားတာကိုး။
ဖေဖေကတော့ဆံ့ငင်ဆံ့ငင်နဲ့ပေါ့။မေမေကတော့သမီးလေးမှန်းသိပြီးသား။အပြုံးမပျက်နဲ့ပေါ့။
နောက်ကိုယ်ဝန်၅ လရောက်တော့သွားပြန်စစ်တော့မှသမီးလေးမှန်းသိခဲ့ရတာ။
ခြေတံရှည်ရှည်။ လက်တံရှည်ရှည်။ မျက်နှာဝိုင်းဝိုင်းနဲ့မေမေ့သမီးမောင်။
ပိတိတွေဖြစ်လိုက်ရတာ ။

မေမေ့တစ်သက်တာမှာသမီးမောင်ကမေမေ့ဘ၀ဘဲ။ မေမေပိုင်ဆိုင်တာကသမီးလေးဘဲ။မေမေ့အရိပ်။
မေမေ့အသက်ပါသမီးလေးရယ်။
မေမေ့ဗိုက်ထဲမှာဆော့ကစားတာများမေမေကနာလဲ သဘောကျနေတာဘဲ။
တစ်ခါမှမချစ်ဘူးတဲ့အချစ်တွေနဲ့ချစ်လိုက်ရတာသမီးမောင်ရေ.......

အော် မေမေပြောပြရဦးမယ် ။
သမီးလေး ၆ လပြည့်တော့ဆရာဝန်နဲ့သမီးလေးအင်္ဂါစုံရဲ့လား။နေကောင်းရဲ့လား detail scan သွားစစ်တာလေမေမေ့သမီးကဆော့လွန်းလို့ဆရာဝန်တွေကတောင်သဘောကျရတဲ့အထိ။
ကျောရိုးလေးစစ်ချင်တယ်ဆိုတာသမီးကမလှည့်လို့ဆရာဝန်ကမေမေ့ကိုနောက်နေ့မှပြန်လာပြပါလို့
ရက်ချိန်းလေးပေးလိုက်တယ်။

မေမေက ဆရာမရယ်ကျွန်မပြောကြည့်ပါဦးမယ်ဆိုပြီးသမီးလေးရှိတဲ့မေမေ့ဗိုက်နေရာလေးကိုပွတ်ပြီး
သမီးရယ်ကျောလေးလှည့်ပေးလိုက်ပါ။
နို့မို့ဆိုမေမေနောက်နေ့လာရဦးမှာလို့။ မေမေပင်ပန်းမှာပေါ့သမီးရယ်လို့ပြောလိုက်တာ။
ခဏလေးနဲ့တင်မေမေ့ကိုကျောလှည့်ပေးတာများ ဘေးမှာရှိတဲ့သူအားလုံးရယ်မောသဘောကျတဲ့အထိ
မေမေ့သမီးမောင်က မေမေ့စကားကိုနားထောင်တာ။
မေမေဖြင့်လေလိမ်မာတဲ့သမီးလေးမို့လို့မျက်နှာပွင့်ခဲ့ရတာမေ့တောင်မမေ့ဘူး။

မေမေ့သမီးမောင်ကသိပ်လိမ်မာတာနော်။

သမီးမောင်ရေ.....မေမေ့ဘ၀ထဲကသမီးမောင်ကို လှိုက်လှိုက်လှဲလှဲနဲ့ကို ကြိုဆိုပါတယ် ။
မေမေ့ဘ၀တစ်ခုလုံးနဲ့ရင်းပြီးတော့ကို သမီးလေးကိုမေမေချစ်တယ် သမီးမောင်ရယ်။


နှင်းဆီသံစဉ်
17-08-2011
နေ့လည် 1 နာရီ 56မိနစ်








ပန်းနီနီ ရင်ကွဲခန်း

ပန်းနီနီ ရင်ကွဲခန်း

by Amilay Ngal on Wednesday, January 5, 2011 at 8:12pm


ဖွဲ့သီကြပေါ့ နှင်းဆီ နီနီ  …
လှပလွန်းလို့ ရူးလောက်သေး
ဆူးကြောက်ကြတဲ့ လူတွေကတော့
ရူးလောက်မှာဆိုးလို့…အမူးသောက်ပြီး ခပ်ဝေးဝေး………
မြှောက်ပင့်ကြပေါ့ အတုယောင်အပြုံးတွေနဲ့
ဒူးထောက်ကြပေး ဦးမယ် …….ဆိုဘဲ
….မက်မောလှသူ များလှသမို့ …
မနူးမနပ် နဲ့ မမှားရအောင်လို့…..
ဆူးခတ်ခြံရံ……..ရူးမတတ် ကာကွယ်တာလဲ……
ဆူးထက်ထက်တွေပါဘဲ............
ဆူးကြောင့် နှင်းဆီဂုဏ်တက်ရခဲ့သလို
ဆူးကြောင့်ဘဲ နှင်းဆီတိတ်တစ်ဆိတ်ငိုကြွေး
ကြွေပေးခဲ့ရတာလဲ များသားလား………..
ဟော…….ဟိုမှာ ကြည့်စမ်း……
ဆူးကြောင့်ဘဲ…..ကြွေခဲ့ရတဲ့ နှင်းဆီနှလုံးသား တွေပေါ့…
ရှူး ….ကျေးဇူးပြုပြီး…..
        လမ်းပြင်းပြင်းမလျှောက်ပါနဲ့………….
နှင်းဆီပွင့်ဖတ်လေး နာကျင်မှာ စိုးလို့ပါ………………

နှင်းဆီသံစဉ်


နှင်းဆီသံစဉ် နှင့် အသက်ရှင်ခြင်း

နှင်းဆီသံစဉ် နှင့် အသက်ရှင်ခြင်း

by Amilay Ngal on Saturday, October 30, 2010 at 6:07pm
မနက်ခင်းလေးတစ်ခုရောက်ရှိလာပြန်ပြီပေါ့ ။
အော် ကျွန်မရုံးသွားရဦးမှာပါလားနော် ။
အိပ်ယာမှထထချင်း သတင်းစာဖတ်တတ်တဲ့အကျင့်လေးအတိုင်း သတင်းစာထိုင်ဖတ်ချင်လာသည် ။
စားပွဲပေါ်မှ သတင်းစာလေးကို လှမ်းကြည့်လိုက်သည် ။
အိုးးးးးးးးးး။ ဟင်…….ကျွန်မလန့်ဖျတ်ပြီး အော်ဟစ်မိလိုက်သည် ။ ဒီနေ့သတင်းစာရဲ့မျက်နှာဖုံးမှာ ကျွန်မ၏ ဓါတ်ပုံ အကြီးကြီးနဲ့ သတင်းတစ်ပုဒ်ပါလား ။
ဟင် ဘာဖြစ်လို့ သေမှုသေခင်းထဲမှာ ကျွန်မသတင်းပါလာရတာလဲ ။
အိုး ။
ထူးဆန်းလိုက်တာ ။
ခဏလေး ခဏလေး တစ်မိနစ်လောက်စဉ်းစားခွင့်လေးပေးပါနော် ။
ညက ကျွန်မအိပ်ရာဝင်တယ် ။ မအိပ်ပျော်ခင်ကျွန်မရင်ဘတ်တွေ အစမတန်နာကျင်ခဲ့တယ်။ ပြီးတော့ ကျွန်မဘာမှ မသိတော့ဘူး ။ ကျွန်မထင်တာက ကျွန်မနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်လေ ။
ကျွန်မနိုးလာတာ အိုး……..အခု မနက်၁၀နာရီတောင်ရှိနေပြီဘဲ ။
ဟင် ။ ကျွန်မအတွက် ကျွန်မသောက်နေကျကော်ဖီ ။ ဘယ်မှာလဲ ။ ဟင် ။ာမှလဲ ပြင်ဆင်မထားပါလား ။
အိုး ကျွန်မတော့ ဒီနေ့ရုံးနောက်ကျပြန်ပြီ ။ သူဌေးကို ဆူပူခွင့်ပေးမိပြန်ပြီပေါ့ ။
ကျွန်မ ဟိုကြည့် ဒီကြည့် လိုက်ကြည့်တယ် ။ တစ်ယောက်မှလဲ ကျွန်မမတွေ့ပါလား ။ ဘယ်ရောက်ကုန်ကြပြီလဲ ။
တစ်ယောက်ယောက်လောက် ။ ကျွန်မအိပ်ရာနိုးနေပြီလေ ။ ဘယ်ရောက်ကုန်နေကြတာလဲ ။ ကျွန်မအော်ပြောလိုက်တယ် ။
ဒါပေမယ့် ဘာမှ အကြောင်းပြန်မှု မရဘူး ။ ဘာတွေ ဖြစ်နေပါလိမ့် ။ စောစောက သတင်းစာနဲ့များ ပတ်သက်နေပြီလား ။
ကျွန်မအခန်းထဲမှာ လူတွေပါလား ။ အမလေး လူစုံတက်စုံ ကျွန်မအခန်းထဲကို သူတို့ ဘာဝင်လုပ်ပါလိမ့် ။ သွားကြည့်ဦးမယ် ။ ကျွန်မကိုကျွန်မ တိုးတိုးလေးပြောပြီး ကျွန်မအခန်းထဲကို ၀င်လိုက်တယ် ။
အခန်းထဲမှာ မေမေရယ် ။ဖေဖေရယ် ။ကျွန်မသူငယ်ချင်းတွေရယ် ။ ကျွန်မကို အမြဲတမ်းဆူပူကြိမ်းမောင်းတတ်တဲ့ သူဌေးရယ် ။ လုပ်ဖေါ်ကိုင်ဖက်တွေရယ် ။ ကိုကိုရယ် ။ မောင်လေးရယ် ။ မနီရယ် ။ ဟယ် ။ လူစုံတက်စုံပါလား ။
မေမေကဘာဖြစ်လို့ ရှိုက်ကြီးတငင်ငိုနေရတာလဲ ။
ကျွန်မချစ်သူကိုကို ….ဘယ်တုန်းကမှ မငိုတတ်တဲ့ကိုကို ။ လူကြီးဆန်တတ်တဲ့ကိုကို ဘာလို့အခု ယူကြုံးမရဖြစ်နေရတာလဲ ။
နေပါဦး ။ ကိုကို့ကို ဘယ်သူကကျွန်မအခန်းထဲ ၀င်ခွင့်ပေးလိုက်တာလဲ ။ မေမေလား ။ ဖေဖေလား ။
တခြား သူငယ်ချင်းတွေကလဲ ငိုလို့ ။ ဟင် ထူးဆန်းထွေလာပါလား ။ ကျွန်မနဲ့ရန်ခဏခဏဖြစ်တတ်တဲ့ မသူဇာကလဲ ငိုလို့ပါလား ။
သူဌေးကလဲ စိတ်မကောင်းတဲ့မျက်နှာနဲ့ ။

သူတို့ ဘာလို့ငိုနေကြတာလဲ ကျွန်မ သိချင်လာတယ် ။ သူတို့ ကျွန်မ၀င်လာတာလဲ မသိချင်ယောင်ဆောင်နေကြတယ် ။
နေရာလဲ ဖယ်မပေးကြဘူး ။
နေပလေ့စေပေါ့ ။ ကျွန်မသူတို့ကို ကျော်ပြီး ကြည့်လိုက်တယ် ။ ဟင် ဘာကြီးလဲ ။ ကြမ်းပြင်ပေါ်မှာ ကျွန်မပါလား ။ မဟုတ်ဘူးလေ ။ တစ်ခုခုမှားနေပြီ ။ ကျွန်မကဒီမှာလေ ။
အဲဒါကျွန်မမဟုတ်ဘူးလေ ။ သူမကိုကြည့်ပြီး ငိုနေကြတာ မှားနေပြီ ။
ကျွန်မ က ဒီမှာလေ။
ဘာလို့လှည့်မကြည့်ကြတာလဲ ။ ကျွန်မဒီမှာလေ ။
ကျွန်မလည်ချောင်းတွေ ကွဲအက်လာတဲ့အထိ အော်ပြောလိုက်တယ် ။ မေမေ သမီးကဒီမှာလေ မေမေဘာလို့ငိုနေတာလဲ ။
ဘယ်သူမှလဲ ကျွန်မအော်သံကို မကြားကြဘူး ။
ကျွန်မမသေပါဘူး ။ ဒီမှာပါ ။ ဖေဖေ ကျွန်မကိုတစ်ချက်ကြည့်ပါဦး ။
ဖေဖေကလဲ ငိုင်နေလို့ ။
ကျွန်မကိုကို့ဆီပြေးသွားလိုက်တယ်။
ကိုကို ကွေးလေး မသေဘူးကိုကို ။ ကွေးလေးက ဒီမှာလေ ။ ကိုကိုမငိုနဲ့နော် ။
ကျွန်မပြောရင်းပြောရင်းမောလာတယ် ။ ဘယ်သူမှလဲ ကျွန်မကို မကြည့်ကြဘူး ။
ကျွန်မ အာခေါင်တွေခြောက်လာတယ် ။ ဘယ်လောက်ဘဲအော်ပြောမိပါစေ ဘယ်သူမှ ကျွန်မကို မကြည့်ကြဘူး ။
ကျွန်မရဲ့အိပ်ရာလေးပေါ်က ကျွန်မကို ကြည့်ပြီး သူတို့တွေ ကျွန်မကို ဂရုမစိုက်ကြဘူး ။
ကျွန်မငိုချင်လာတယ် ။ ကျွန်မတကယ်ဘဲသေဆုံးသွားပြီလား ။ သူတို့ကျွန်မကို ဘာလို့ ဂရုမစိုက်ကြတော့တာလဲ ။ သူတို့ ကျွန်မကို သေဆုံးသွားပြီလို့ သတ်မှတ်ကြတာလား ။ ကျွန်မကိုယ့်ကိုကိုယ်ဘဲ မေးခွန်းပေါင်းများစွာနဲ့ အခန်းနဲ့ဝေးရာကို ဦးတည်ရာမဲ့ ထွက်လာခဲ့တယ် ။

ငါ တကယ်သေဆုံးသွားပြီလား ။ ကျွန်မကိုယ့်ကိုကိုယ်ထပ်မေးမိလိုက်တယ် ။

ဒါဆိုရင်မေမေ ။ ဖေဖေ ။ သူငယ်ချင်းတွေ ။ ချစ်သူကိုကို။ မောင်လေး သူတို့တွေ ကိုကျွန်မပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့ ။
ကျွန်မ အခန်းနားကို ပြန်သွားပြီး အခန်းအပြင်နားမှာ ထိုင်ချလိုက်တယ် ။
အခန်းထဲကို ကျွန်မလှမ်းကြည့်လိုက်တော့ …
ကျွန်မကိုချစ်တဲ့သူတွေ ။ ကျွန်မကချစ်တဲ့သူတွေ ကျွန်မ ကိုယ်ဘေးနားမှာ တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်ပြီး ရှိနေကြတယ်လေ ။
ဒါပေမယ့်ကျွန်မကတစ်ယောက်ထဲ …
မေမေ …ကျွန်မမထင်မှတ်လောက်အောင်ကို ရှိုက်ကြီးတငင်နဲ့ ။ (မေမေအမြဲတမ်းဆူရတဲ့သမီးကို မေမေလက်မလွှတ်နိုင်သေးဘူးတဲ့ ) ချစ်သူကိုကို………..တကယ့်ကို ၀မ်းနည်းနေတဲ့ပုံဘဲ ။ ကျွန်မသေဆုံးတယ်ဆိုတာကို လက်မခံနိုင်ဘူးတဲ့ ။
မောင်လေးကလဲ ငိုနေလို့ ။
ဘာလို့များ ။
ဘာလို့များ ။
တကယ်ဘဲ ကျွန်မသေဆုံးသွားပြီလား ။
ကျွန်မလုပ်ချင်တာတွေ ရှိသေးတယ်လေ ။
ကျွန်မလုပ်သင့်တာတွေ ရှိသေးတယ်လေ ။
ကျွန်မရင်ဘတ်ထဲ ဆို့တက်လာတယ် ။ ငိုချင်လာတယ် ။ မေးခွန်းပေါင်းများစွာနဲ့ ။
ကျွန်မရဲ့မေမေ့ကို ကျွန်မအတွင်းစိတ်ကို မပြရသေးဘူးဘဲ ။ မေမေဘယ်လောက်ဘဲဆူဆူ မေမေဆူတာကျွန်မကိုချစ်လို့ဆိုတာ နားလည်တယ်ဆိုတဲ့အကြောင်း ကျွန်မမပြောခဲ့ရသေးဘူးလေ ။
ကျွန်မ မေမေ့နောက်ကွယ်မှာ မေမေဆုံးမတဲ့အတိုင်း အသက်ရှင်နေထိုင်ပါတယ်ဆိုတာကို မေမေ၀မ်းသာအောင်ကျွန်မမပြောရသေးဘူးဘဲ ။
မာနတွေအရမ်းကြီးတတ်တဲ့ကျွန်မက မေမေ့ကို အရမ်းချစ်တယ်ဆိုတာ မေမေ့အတွက်ဘဲ အစစအရာရာတွေးပူတတ်တယ်ဆိုတာ ။ မေမေ့စိတ်ကြိုက်နေပေးတော့မယ်ဆိုတာ ကတိမပေးရသေးဘူးဘဲ ။မေမေ့ကိုစိတ်ဆင်းရဲအောင်မလုပ်တော့ဘူးဆိုတာ မေမေပျော်အောင် ကတိမပေးရသေးဘုးဘဲ ။
ကျွန်မအရမ်းချစ်တဲ့ကျွန်မမောင်လေးကို ကျွန်မသူ့ကို ဘယ်လောက်မျှော်လင့်ပြီးချစ်တယ်ဆိုတာ မပြောပြခဲ့သေးရဘူးဘဲ ။ကျွန်မမောင်လေးအပေါ်စည်းကမ်းတွေ ချမှတ်ထားတယ်ဆိုတာ အရမ်းမျှော်လင့်လို့ဆိုတာကို မောင်လေးမသိသေးဘူးဘဲနော် ။
ကျွန်မကိုကို့အပေါ်မှာ ကိုကိုအလိုလိုက်လို့ ဆိုးတယ်ဆိုပေမယ့် ကိုကို့ကို အရမ်းချစ်တယ်ဆိုတာ မပြောပြရသေးဘူး ။
ကိုကို အရမ်းကောင်းတယ်ဆိုတာ ကျွန်မသိတယ် ကိုကို့ကိုလည်း ကျွန်မ နားလည်မှုတွေနဲ့ချစ်နိုင်အောင် ကြိုးစားမယ်ဆိုတာ ကတိမပေးရသေးဘူး ။
ကျွန်မခိုင်းသမျှ မငြီးမငြူလုပ်ပေးတတ်တဲ့ မနီကို ကျွန်မဒီလကုန်လစာတိုးပေးမယ်ဆိုတာလဲ မပြောရသေးဘူးလေ ။
ကျွန်မသူဌေးကို ကျွန်မ ရာထူးတိုးစာမေးပွဲ ဖြေမယ်ဆိုတာလဲ မပြောရသေးဘူးလေ ။
ကျွန်မဘယ်လောက်ဘဲဆိုးဆိုး ကျွန်မကို အပြစ်မယူတတ်တဲ့ ဖေဖေ့ကို ကျွန်မလေးစားမြတ်နိုးကြောင်း မပြောရသေးဘူးလေ ။
ဝမ်းဘဲနည်းနည်း ၀မ်းဘဲသာသာ အတူတူမျှဝေခံစားပေးတတ်တဲ့ကျွန်မသူငယ်ချင်းတွေကိုကျွန်မကျေးဇူးတင်ကြောင်း သူတို့ကို တကယ့်ကိုခင်မင်ကြောင်း မပြောရသေးဘူးလေ ။
ရုတ်တရက်ကျွန်မတွေ့လိုက်တာကျလာမယ့်မျက်ရည်ကို လူမမြင်အောင်လက်နဲ့ကွယ်သုတ်လိုက်တဲ့ သူ ကျွန်မ၏ရန်ဘက်တော် မသူဇာ ။
သူမကရော ဘာဘဲဖြစ်ဖြစ်အရေးနဲ့အကြောင်းနဲ့ဆိုရင် ကျွန်မကိုအရင်ဦးဆုံး ကာကွယ်ပေးတတ်တယ်လေ ။
မသူဇာနဲ့ပတ်သက်တာမှတ်မိပါသေးတယ် ။
တရက် ရုံးပြန်နောက်ကျတော့ ကျွန်မတစ်ယောက်ထဲဖြစ်မှာစိုးလို့ ကျွန်မကို နင်နဲ့ရန်ဖြစ်မလို့ ငါနေဦးမယ်ဆိုပြီး ကျွန်မနဲ့အတူတူအလုပ်တွေပြီးသည်အထိ သူမနေပေးပြီး အတူတူ ပြန်ခဲ့တာ ကျွန်မကျေးဇူးတင်စကားမပြောရသေးဘူးဘဲလေ ။ ကျွန်မလွန်ခဲ့တာတွေ တောင်းပန်ချင်ပါတယ် ။ ကျွန်မရင်ထဲကစကားလုံးတွေကို ကျွန်မဟန်မဆောင်တမ်းပြောပြချင်ပါတယ် ။ ကျွန်မသူတို့အနားကိုပြန်သွားပြီး တစ်ယောက်ချင်းဆီကိုကျွန်မ တောင်းပန်စကားဆိုချင်လိုက်တာ ။ ကျွန်မ ဒီမှာလေ ။ အဲသည့်နားမှာ မနေကြပါနဲ့ ။ ကျွန်မကိုလာခေါ်ကြပါ ။ ကျွန်မဒီမှာလေ ။
ကျွန်မကို ခွင့်လွှတ်ပြီး အားလုံးရဲ့အနားမှာ အားလုံးကို ကျေးဇူးတင်စကားလေးပြောချင်လို့ အခွင့်အရေးလေးတစ်ခါလောက်ပေးကြပါ ။ တစ်ခါထဲပါ ။ တစ်ခါထဲ ပေးကြပါ ။
မေမေရေ
ကိုကိုရေ
သံစဉ် ဒီမှာလေ ………….

ကျွန်မရဲ့အော်သံကြောင့်လားတော့မသိဘူး ။ ကိုကို ကျွန်မဘက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ် ။
ကိုကို
ကိုကို
ကျေးဇူးတင်လိုက်တာကိုကိုရယ် ။
ကျွန်မထိုင်ရာမှကြုံးထပြီး ကိုကို့ဆီပြေးသွားလိုက်တယ် ။
ဒါပေမယ့် ကျွန်မအနားမရောက်ခင်မှာ ဟိုဘက်ကိုပြန်လှည့်သွားတယ် ။

ဟင် ။ ငါ တကယ့်ကိုဘဲသေဆုံးသွားတာပေါ့ ။
ကျွန်မ ငိုချင်စွာနဲ့ဘဲသူတို့ကိုကျော်ပြီး ကျွန်မခန္ဓာကိုယ်ဘေးနားမှာ ငုတ်တုတ်ထိုင်ချလိုက်တယ် ။ကျွန်မတကယ်မသေချင်သေးပါဘူး ။ အားလုံးကို ကျွန်မတောင်းပန်စကားဆိုဖို့ကျွန်မကိုရက်နည်းနည်းလေးဘဲပေးပါနော်..
ကျွန်မအားလုံးကို ဘယ်လောက်ချစ်ကြောင်း ပြောခွင့်လေးဘဲ ပေးပါရှင် ။
ကျွန်မ မောလာတယ် ။
အကျယ်ကြီးငိုချလိုက်တယ် ။
ကျွန်မဒီလိုကြီးမသေချင်ပါဘူးရှင် ။ကျေးဇူးပြုပြီးကျွန်မမသေပါရပါစေနဲ့ဦးရှင် ။
ကျွန်မကြောင့်ကျွန်မမေမေပြုံးနေနိုင်အောင်လုပ်ပေးချင်လို့ပါ ။
ကျွန်မကြောင့် ကျွန်မဖေဖေ လက်မထောင်နိုင်အောင်
ကျွန်မကြောင့် ကျွန်မသူငယ်ချင်းတွေပျော်ရွှင်အောင်
အခွင့်အရေးလေးတစ်ခါဘဲပေးပါရှင် ။
ကျွန်မမသေပါရစေနဲ့ဦး ။ ကျွန်မလည်ချောင်းတွေ ကွဲအက်တဲ့အထိအော်ဟစ်ပစ်လိုက်တယ် ။

ကျွန်မကို အသက်ရှင်ခွင့်တစ်ခါလောက်ပြန်ပေးပါ ။
ကျွန်မကို အသက်ရှင်ခွင့်တစ်ခါလောက်ပြန်ပေးပါ ။
ကျွန်မကို အသက်ရှင်ခွင့်တစ်ခါလောက်ပြန်ပေးပါ ။
မမ
မမ
မမ
မမ
အခန်းဖေါ် သူငယ်ချင်း ရဲ့လှုပ်နှိုးသံနှင့်အတူတူ ကျွန်မမျက်လုံးလေးဖွင့်လိုက်မိတယ် ။
မမ ဘာတွေအော်နေတာလဲ ။ ရော့ ရေလေးသောက်လိုက်ဦးနော် ။
ကျွန်မ အိပ်မက်မက်နေတာပါလား ။ အိုး ဘုရားသခင် ဒါဆို ကျွန်မမသေဘူးပေါ့ ။
အိုး ဘုရားသခင်
ကျေးဇူးကြီးမားလိုက်တာ ။
ကျွန်မသူမ ကို လှမ်းဖက်လိုက်တယ် ။
ညီမလေး အမနဲ့အတူတူနေပေးတဲ့အတွက် အရမ်းကျေးဇူးတင်တယ်လို့ အငမ်းမရ ပြောလိုက်တယ် ။
ညီမလေးက နည်းနည်းတော့ အံ့အားသင့်ပြီး ညီမလဲ အမနဲ့နေရတာ ကျေးဇူးတင်ပါတယ်တဲ့ ။
ကျွန်မဘ၀မှာ ကြားဖူးတဲ့စကားသံတွေထဲမှာ သည်တစ်ခါကြားရတာ အရမ်းအရသာရှိတာပါဘဲရှင် ။
အိပ်ရာမှ ကြုံးထပြီး မေ့မေ့ကို ဖုန်းခေါ်လိုက်တယ် ။
ညကြီးသန်းခေါင် ဖုန်းခေါ်ပေမယ့် အသည်းအသန် ဖုန်းလာကိုင်တဲ့မေမေ့ကို အငမ်းမရနဲ့ မေမေ သမီးကို မွေးပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ။ မေမေနောက်ကွယ်မှာ မေမေ့သမီး အမြဲတမ်းလိမ်မာအောင်နေပါတယ် ။
ပြီးတော့ မေမေ့ကိုသမီး အရမ်းချစ်ပါတယ် လို့ ပြောလိုက်တယ် ။”
ကျွန်မသိတယ် ။ မေမေ ပျော်နေမယ်ဆိုတာကို ။ အံ့အားသင့်နေမယ်ဆိုတာလဲ သိတယ် ။ ဒါပေမယ့် ကျွန်မအရမ်းကျေနပ်မိပါတယ် ။
ကျွန်မမောင်လေးကို ဖုန်းခေါ်တယ် ။ ပြီးတော့ သူ့ကို ကျွန်မအရမ်းမျှော်လင့်ထားလို့ စည်းကမ်းတွေတင်းမိကြောင်းပြောပြလိုက်တယ် ။
သူ့ကိုကျွန်မအရမ်းချစ်ကြောင်း ပြောမိလိုက်တယ် ။
ပြီးတော့ ကျွန်မချစ်သူ ကိုကို့ထံ ဖုန်းဆက်လိုက်တယ်
ကိုကိုရေ ကိုကို့ကို ကွေးလေးအရမ်းချစ်တယ် ။ နောက်ဆိုရင် ကွေးကိုကို့ကို မဆိုးတော့ဘူးနော် ။ ကိုကိုက ကွေးလေးအတွက်ဘာနဲ့မှ လဲလို့မရတဲ့ အဖေါ်ကောင်းလေးပါလို့ ပြောလိုက်တယ် ။”
ချစ်လားမေးတိုင်းချစ်တယ်လို့ပြောဖို့ခက်တဲ့ကျွန်မလိုချစ်သူကိုရရှိထားတဲ့ကိုကို ရုတ်တရက်ကြီးချစ်တယ်ပြောလာတဲ့ကျွန်မကို အံ့အားသင့်နေမှာတော့ အမှန်ဘဲလေ ။
ဒါပေမယ့် ကိုကိုပျော်နေမှာ ကျွန်မသိတယ် ။ ကိုကိုပြုံးနေမှာလဲ ကျွန်မသိနေပါတယ် ။
ကျွန်မကို ပြန်ပြောခဲ့တာက ကွေးလေးဘယ်လိုပုံစံ ဘယ်လိုအနေအထားဘဲရှိနေပါစေ ကိုကို ကွေးလေးနဲ့အတူတူရှိနေပေးမှာပါ .။ ချစ်နေမှာပါတဲ့ ။
အိုး …တကယ့်ကို လှပလိုက်တဲ့ကမ္ဘာကြီးပါလားနော် ။

မနက်ကိုကျွန်မမြန်မြန်ရောက်ချင်လှပါပြီ ။ သူငယ်ချင်းအားလုံးကို ကျွန်မအသက်ရှင်နေထိုင်စဉ်ကာလလေးမှာ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းကို ကျွန်မပြောချင်လိုက်တာ ။
ကျေးဇူးတင်ပါတယ် အဖ ဘုရားသခင် ။ ကျွန်မကို ကျေးဇူးတင်စကားပြောရန် ။ ချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်တတ်ရန် နောက်တကြိမ်အသက်ရှင်ခွင့်ပေးတဲ့အတွက်ကြောင့်ပါ ။

သူငယ်ချင်းအားလုံးလဲ နောက်မကျသေးပါဘူးရှင် ။ မိမိနဲ့ပတ်သက်တဲ့သူမှန်သမျှကို ချစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖေါ်ထုတ်ပြသဖို့အတွက် နောက်မကျသေးပါဘူးရှင် ။
သံစဉ်တို့အားလုံးဟာ ရုတ်တရက်သေဆုံးသွားမယ်ဆိုရင် ဘာကိုမှ ရရှိနိုင်မှာ မဟုတ်ဘူးဆိုတာကို သံစဉ်သိလိုက်ရတဲ့အတွက် ………………………..

အားလုံးကို ချစ်တတ်ခြင်းတွေနဲ့ပျော်ရွှင်စေချင်ပါတယ်ရှင် ။
နှင်းဆီသံစဉ်

Friday, August 5, 2011

သမီးမောင်................(၁)

အိမ်မက်တစ်ခုလား ........ကလေးရယ်

ငါ့ ၀မ်းဗိုက် နေရာ ကျဉ်းကျဉ်းလေးထဲ တွန့်လိမ်ကောက်ကွေး လူသားလေးတဲ့ .........
လက်တံ ရှည်ရှည် . ခြေတံရှည်လေးနဲ့ဂျမ်းထိုးမှောက်ခုံ ...ကစားနေလေရဲ့ ။
မိဘမေတ္တာ ..ငါ အထူးတလည် မဖွဲ့ဆိုတတ်ပါဘူး ။
ငါ့ ဗိုက်ထဲက ဒီလူသားလေး ငါကိုယ်တိုင် မြင်ရတော့
ငါလေ........ဒီလူသားလေး အသက်ရှူကြပ်မှာလဲ ကြောက်မိပါရဲ့ ။
ငါလေ ..... ဒီလူသားလေး ပြုတ်ကျသွားမှာလဲ စိုးမိပါရဲ့ ။
ငါမစားဘူးတဲ့ အစားတွေကို ဒီလူသားလေးအတွက် တကူးတကစား ။
စိတ်မြန်လက်မြန် ရှိတတ်တဲ့ ငါ့စရိုက် အခုတော့ ဇောက်ထိုး
ဒီလူသားလေးအတွက် ငါကြိုက်တဲ့ အစပ်မစားချင်တော့ဘူး ။
ငါ ကြိုက်တဲ့ သရဲကား မကြည့်ချင်တော့ဘူး ။
ငါကြိုက်တဲ့ ၀ုန်းဒိုင်းကျဲ သီချင်းတွေ နားမထောင်တော့ဘူး ။ 
ငါမကြိုက်တဲ့ နို့တွေ သောက်တယ် ။ငါမအိပ်ချင်ဘဲ အစောကြီး အိပ်ပစ်တယ် ။
ငါ မကြိုက်တဲ့ ဆေးတွေသောက်တယ် ။
ငါ့ ဘ၀ ။ ငါ့အချိန် ။ အားလုံးအားလုံး
ဒီလူသားလေးအတွက် ငါ လုပ်ပေးချင်နေမိတယ် ။
တစ်နေ့ တစ်နေ့ ဒီလူသားလေး ကိုစကားတွေပြော ။
ငါမငြီးမငြူနဲ့ပေါ့ ............

နှင်းဆီသံစဉ်