Tuesday, August 16, 2011

သမီးမောင် ၏ ဘ၀ အစ

သမီးမောင်ရေ .........

သမီးလေးရဲ့ ဘ၀အစကတော့ မေမေ့ရဲ့ အမှားနဲ့ စတင်တယ်လို့ ပြောလို့ရတယ်နော် ။ မေမေတစ်ယောက်ထဲ ဘ၀ကို ရုန်းကန်နေတဲ့ အချိန်မှာ သမီးဖေဖေ ( ကိုကို လို့ မေမေကခေါ်တယ် ) က မေမေ့ဘ၀ထဲ ၀င်ရောက်လာခဲ့တယ် သမီးရေ ။
နူးညံ့မှုတွေ ကိုမက်မောတဲ့မေမေ သမီးဖေဖေရဲ့ဂရုစိုက်မှု ။ အလိုက်သိတတ်မှုတွေအပေါ်မှာ ကျဆုံးခဲ့တယ် ။ သမီးဖေဖေကမေမေ့မေ့ကို အချိန်တော်တော် ပေးပြီး ဂရုစိုက်ပြီးသည်းခဲခဲ့တယ် ။ သမီးဖေဖေရဲ့ နောက်ကြောင်းရာဇ၀င်တွေလဲ မေမေမသိခဲ့ပါဘူး သမီးရယ် ။ဒါကြောင့် ဖေဖေ့ကိုမေမေလက်မှတ်ထိုးပြီး လက်ထပ်ခဲ့တယ် ။ ဧည့်ခံပွဲတော့ မြန်မာနိုင်ငံပြန်လုပ်ကြမယ်ဆိုပြီး စီစဉ်ခဲ့ကြတယ် ။ အလုပ်က ဘယ်လိုမှ အဆက်ဖြတ်ပြီး ပြန်လို့မရတဲ့ အချိန်မှာဘဲ ။။။
ဖေဖေ့ အကြောင်းတွေ ကိုမေမေသိလာတဲ့ အခါမှာ ဖေဖေ့ကိုမေမေ အဆက်ဖြတ်ခဲ့တယ် ။ ။ မေမေဘယ်လိုမှ လက်မခံနိုင်တဲ့ အနေအထားမျိုးနဲ့ဖေဖေ ပတ်သက်ခဲ့တာ။ မေမေ့ကို လိမ်ညာခဲ့တာ မေမေ ဘယ်လိုမှ ခွင့်မလွှတ်ပေးနိုင်ခဲ့ဘူး ။ ဒါကြောင့် ဖေဖေ့ကို မေမေအကင်းကွာဆုံးနဲ့ အဆက်ဖြတ်ခဲ့တယ် သမီးလေးရေ ။
မေမေ့ကို အရမ်းချစ်တဲ့ သမီးဖေဖေကတော့ မေမေ့ကို လက်လွှတ်မခံခဲ့ပါဘူး ။ သူ့အမှားတွေကို တောက်လျှောက်တောင်းပန်ပြီး မေမေစိတ်ဆိုးပြေအောင် လိုက်ပြီးချော့မော့နေခဲ့တယ် ။
သမီးရေ ...မေမေ့လိုလဲ သမီးလေးကို အယုံမလွယ်စေချင်ဘူးကွယ် ...
သမီးဖေဖေကို ဖြတ်ပြီး ၃ လလောက် ရှိတဲ့ အချိန် ။မထင်မှတ်တဲ့ အချိန်မှာတော့ မေမေဟာ နေမကောင်းဖြစ်ခဲ့တယ် ။
ပထမတော့ ရိုးရိုးနေမကောင်းဖြစ်တယ်ထင်ပြီး ဆေးတွေသောက်ခဲ့တယ်သမီးရယ် ။
အန်တယ် ။မူးတယ် ။ နောက်ဆုံး ဘယ်လိုမှ မဟန်နိုင်တော့မှ ဆေးခန်းသွားပြခဲ့တယ် ။
ဆေးခန်းရောက်တော့မှာ မေမေ့ဗိုက်လေးထဲမှာ သမီးလေး ရှိနေပြီတဲ့ ။မေမေမထင်မှတ်တဲ့ အချိန်မှာ မထင်မှတ်သလို ၀င်ရောက်လာခဲ့တဲ့ သမီးလေးပေါ့ ။
ဘယ်လိုခံစားချက်မှန်းမသိပါဘူးကွယ်။ ရုတ်တရက် သွေးတွေ ပူသွားခဲ့တယ် ။ မေမေနေမကောင်းစဖြစ်ကထဲက စိတ်ပူပြီးမေမေ့အနီးအနားမှာ ထပ်ကြပ်မကွာလိုက်နေခဲ့တဲ့သမီးဖေဖေကတော့ မေမေ့မှာသမီးလေးရှိတယ်ဆိုတာနဲ့
ပါဝါအကုန်ပြတော့တာပါဘဲ။
မေမေ့ကိုနဂိုကမှ လက်လွှတ်မခံတာ ။သမီးလေးရှိတယ်ဆိုတော့ ပိုပြီးဂရုစိုက်ပေးခဲ့တယ်။သမီးနဲ့ပတ်သက်တဲ့ တာဝန်တွေကို အကုန်ယူပေးခဲ့တယ် ။ သမီးလေးနဲ့အတူတူ မင်္ဂလာပွဲလဲ လုပ်လိုက်သေးတယ်သမီးရေ ။
မေမေတို့မင်္ဂလာဆောင်ပုံတွေသမီးတွေ့ရင်သမီးလေးလဲ မေမေတို့နဲ့အတူတူပါတယ်ဆိုတာ သိနော်။
မေမေကတော့အဲသည့်အချိန်မှာဖေဖေ့ကိုစိတ်ဆိုးဖို့ဘာဖို့သတိမရတော့ဘဲ မစားနိုင်မအိပ်နိုင်နဲ့သမီးလေးကိုဘဲနေ့နေ့ညညရူးနေခဲ့တော့တယ်။အစစအရာရာသမီးလေးအတွက်စား။
သမီးလေးအတွက်လုပ်။သမီးလေးနဲ့စကားတွေပြော။မေမေ့ဘ၀မှာ အိမ်မက်တစ်ခုရှိလာသလိုဘဲ။
ဘယ်အရာမဆိုအဓိပ္ပါယ်ရှိလာခဲ့တယ်။
သမီးမောင်ရေ..............
သမီးလေးကမေမေ့ဘ၀ပါ။မေမေ့ရဲ့အိုအေစစ်လေးပါ။အစစအရာရာ မေမေ့ဘ၀က သမီးလေးပေါ်မှာဘဲရှိတယ်သိလား။
ဗိုက်ကလေးကိုပွတ်ပြီးသမီးရှိတဲ့နေရာလေးကိုမှန်းပြီးစကားပြောရတာမေမေ့အတွက်ဘာနဲ့မှ မလဲနိုင်တဲ့အချိန်လေးတွေပါသမီးရေ။
သားလေးလား။သမီးလေးလားမသိခင်အချိန်ထဲကမေမေကသမီးလေးဆိုတာသိပြီးသား။သမီးဖေဖေက
သားလေးဖြစ်စေချင်တာတောင်မေမေကသမီးဘဲလိုချင်တယ်လို့ပြောလို့သမီးလေးလို့လိုက်ခေါ်တဲ့အထိ
မေမေ့ကိုအလိုလိုက်ခဲ့တယ်။
သမီးလေးရေ ပထမဆုံး သမီးလေးကို မေမေ့ဗိုက်ထဲမှာဘယ်လိုနေလဲဆိုတာ ကြည့်တဲ့အချိန်လေးအရမ်းပျော်ခဲ့တယ်။ခေါင်းလေးနဲ့ကိုယ်လုံးလေးစပေါ်နေစပြုတဲ့ မေမေ့သမီးမောင်။
မေမေချစ်လိုက်တာ။ သမီင်္းမောင်အတွက်မေမေအစပ်တွေလုံးဝမစားတော့ဘူး။မေမေစောစောအိပ်တယ်။
စိတ်ကိုနူးညံ့အောင်ထားတယ်။
မေမေ့ကိုဘာဒုက္ခမှမပေးတဲ့သမီးလေး။မေမေကောင်းကောင်းအလုပ်ဆက်လုပ်နိုင်ခဲ့တယ်။
ခွင့်တောင်မယူခဲ့ရဘူး။
မေမေ့သူဌေးတွေကလဲသမီးအပေါ်ကောင်းလိုက်တာ။ သမီးလေးကလဲ မေမေ့ကိုအရမ်းသိတတ်လိမ်မာခဲ့တယ်။

သမီးဖေဖေကတော့ အလုပ်ကနေထွက်။ကိုယ်ပိုင်စီးပွားရေးလေးစလုပ်။ သမီးနောင်ရေးအတွက်တွေးပြီး
မေမေ့ကိုထားပြီးမြန်မာနိုင်ငံပြန်သွားခဲ့တယ်။စိတ်ကတော့တထင့်ထင့်နဲ့ပေါ့။
မေမေကတော့မေမေ့မှာသမီးလေးအဖေါ်ရှိတယ်ဆိုတဲ့စိတ်နဲ့ဘ၀မှာငါတစ်ယောက်ထဲမဟုတ်တော့ဘူး။
၂ယောက်ဖြစ်သွားပြီးဆိုတဲ့စိတ်နဲ့ပျော်လိုက်တာသမီးရေ။

အရာရာကိုရင်ဆိုင်နိုင်ခဲ့တယ်။

ကိုယ်ဝန် ၄လပြည့်တော့ဆရာဝန်စစ်တော့လဲယောကျာ်းလေးလားမိန်းကလေးလားမသိခဲ့ပါဘူးကွယ်။
သမီးလေးကအရှက်ကြီးပြီးပေါင်စိထားတာကိုး။
ဖေဖေကတော့ဆံ့ငင်ဆံ့ငင်နဲ့ပေါ့။မေမေကတော့သမီးလေးမှန်းသိပြီးသား။အပြုံးမပျက်နဲ့ပေါ့။
နောက်ကိုယ်ဝန်၅ လရောက်တော့သွားပြန်စစ်တော့မှသမီးလေးမှန်းသိခဲ့ရတာ။
ခြေတံရှည်ရှည်။ လက်တံရှည်ရှည်။ မျက်နှာဝိုင်းဝိုင်းနဲ့မေမေ့သမီးမောင်။
ပိတိတွေဖြစ်လိုက်ရတာ ။

မေမေ့တစ်သက်တာမှာသမီးမောင်ကမေမေ့ဘ၀ဘဲ။ မေမေပိုင်ဆိုင်တာကသမီးလေးဘဲ။မေမေ့အရိပ်။
မေမေ့အသက်ပါသမီးလေးရယ်။
မေမေ့ဗိုက်ထဲမှာဆော့ကစားတာများမေမေကနာလဲ သဘောကျနေတာဘဲ။
တစ်ခါမှမချစ်ဘူးတဲ့အချစ်တွေနဲ့ချစ်လိုက်ရတာသမီးမောင်ရေ.......

အော် မေမေပြောပြရဦးမယ် ။
သမီးလေး ၆ လပြည့်တော့ဆရာဝန်နဲ့သမီးလေးအင်္ဂါစုံရဲ့လား။နေကောင်းရဲ့လား detail scan သွားစစ်တာလေမေမေ့သမီးကဆော့လွန်းလို့ဆရာဝန်တွေကတောင်သဘောကျရတဲ့အထိ။
ကျောရိုးလေးစစ်ချင်တယ်ဆိုတာသမီးကမလှည့်လို့ဆရာဝန်ကမေမေ့ကိုနောက်နေ့မှပြန်လာပြပါလို့
ရက်ချိန်းလေးပေးလိုက်တယ်။

မေမေက ဆရာမရယ်ကျွန်မပြောကြည့်ပါဦးမယ်ဆိုပြီးသမီးလေးရှိတဲ့မေမေ့ဗိုက်နေရာလေးကိုပွတ်ပြီး
သမီးရယ်ကျောလေးလှည့်ပေးလိုက်ပါ။
နို့မို့ဆိုမေမေနောက်နေ့လာရဦးမှာလို့။ မေမေပင်ပန်းမှာပေါ့သမီးရယ်လို့ပြောလိုက်တာ။
ခဏလေးနဲ့တင်မေမေ့ကိုကျောလှည့်ပေးတာများ ဘေးမှာရှိတဲ့သူအားလုံးရယ်မောသဘောကျတဲ့အထိ
မေမေ့သမီးမောင်က မေမေ့စကားကိုနားထောင်တာ။
မေမေဖြင့်လေလိမ်မာတဲ့သမီးလေးမို့လို့မျက်နှာပွင့်ခဲ့ရတာမေ့တောင်မမေ့ဘူး။

မေမေ့သမီးမောင်ကသိပ်လိမ်မာတာနော်။

သမီးမောင်ရေ.....မေမေ့ဘ၀ထဲကသမီးမောင်ကို လှိုက်လှိုက်လှဲလှဲနဲ့ကို ကြိုဆိုပါတယ် ။
မေမေ့ဘ၀တစ်ခုလုံးနဲ့ရင်းပြီးတော့ကို သမီးလေးကိုမေမေချစ်တယ် သမီးမောင်ရယ်။


နှင်းဆီသံစဉ်
17-08-2011
နေ့လည် 1 နာရီ 56မိနစ်








No comments:

Post a Comment