Friday, February 25, 2011

နှင်းဆီသံစဉ် နှင့် တလွဲမာန (၁)

ဒီတစ်ခါတော့နှင်းဆီသံစဉ်ရဲ့တလွဲမာနလေးတွေထဲကအခုချိန်ထိသံစဉ်မမှားဘူးဆိုတဲ့

မာနလေးနဲ့ရင်ထဲမှာရှိနေတဲ့ အကြောင်းအရာလေးတစ်ခု ကို သူငယ်ချင်းတွေကို ပြောပြချင်ပါတယ် ။



နှင်းဆီသံစဉ်နှင့် တလွဲမာန (1)

မှတ်မှတ်ရရ သံစဉ့်ရဲ့မွေးနေ့ပါ ။ ရုံးကသူငယ်ချင်းတွေနဲ့ စားပွဲလေးလုပ်နေတုန်းဖုန်းဆက်လာတာပါ ။ ရုံးချိန်ကလည်းပြီးပါပြီ ။



အလုပ်ရှင်တစ်ယောက်ကသံစဉ့်ကိုဖုန်းဆက်ပြီးလေယာဉ်လက်မှတ်ဝယ်ခိုင်းပါတယ် ။

သူ့အလုပ်သမားကောင်မလေးအတွက်ပါ ။ အမြန်ဆုံးနဲ့ရအောင်ဝယ်ပေးပါ ။ အလုပ်သမားကဒ်ကို cancel လုပ်ပေးပါ။ ဆိုပြီး တောင်းဆိုလာပါတယ်

ဒါပေမယ့်အလုပ်ရှင်ကအဲလိုကြီးခိုင်းလာတော့သံစဉ်စိတ်ထဲမှာ

တစ်မျိုးဖြစ်သွားပါတယ်။ငါ့မွေးနေ့ပါလားဆိုတာလည်းမေ့ပြီး။

ဘာဖြစ်တာလဲဆိုပြီး မေးလိုက်ပါတယ် ။

ဒါနဲ့သူကသူ့အလုပ်သမားကောင်မလေးမှာ

ကိုယ်ဝန်သုံးလရှိနေလို့ပါတဲ့။သူသေချာဆေး(၂)ခါစစ်ပြီးပါပြီတဲ့အဲဒါသူကြောက်လို့ပါတဲ့ ။

သံစဉ်က သူ့နာမည်ကိုမေးလိုက်တော့ သူ့အိမ်ကကောင်မလေးက မြန်မာမလေးပါ ။အဲဒါနဲ့ အရမ်းစိတ်ပူပြီး(မျိုးချစ်စိတ်အပြည့်နဲ့ပေါ့လေ)

ငါအခုချက်ချင်းလာခဲ့မယ်ဆိုပြီး ပြောလိုက်ပါတယ် ။

အလုပ်ရှင်ကမလာပါနဲ့ရုံးချိန်ပြင်ပကြီးဆိုတော့အားနာပါတယ် လေယာဉ်လက်မှတ်လေးဘဲစီစဉ်ပေးပါတဲ့။

သံစဉ်ကလည်းအရမ်းစိတ်ပူပြီးရုံးကိုပြန် ။ သူတို့ရဲ့ဖိုင်ကိုရှာဖတ်တော့ အလုပ်ရှင်ဆီမှာက သားသုံးယောက် (အကုန် အရွယ်ကောင်းလေးတွေ ) ။

ဒါနဲ့သေချာပြီ။ဒင်းတို့သုံးယောက်ထဲကပဲနေမှာဆိုပြီးသူတို့အိမ်ကိုမိုးချုပ်ကြီးတစ်ယောက်ထဲ လိုက်ချသွားပါတယ် ။

သူတို့အိမ်ရောက်တော့အိမ်ရှင်ကဧည့်ခန်းမှာနေရာချပေးပြီး။သူမမှာကိုယ်ဝန်ရှိတဲ့။

အကြောင်းမပြောရသေးပါဘူး။ဒီမှာဆေးစစ်စာရွက်ဆိုပြီးလာပါတယ်သံစဉ်လည်းသေချာကြည့်ပြီးတော့ ကောင်မလေးကို ခေါ်ထုတ်လိုက်ပါတယ် ။

သံစဉ်ကလည်း ကောင်မလေးကို လေပြေလေးနဲ့ ညီမလေး မင်းမှာ ရည်းစားရှိလား ဆိုပြီးမေးလိုက်ပါတယ် ။

ကောင်မလေးက

အမရယ်ဒီမှာလုပ်နေတာ(၃)နှစ်ရှိပြီ။အပြင်တောင်တစ်ခါမှတစ်ယောက်ထဲမထွက်ရတာဘယ်လိုလုပ် ရည်းစားရှိမှာလဲ တဲ့။

ဒါဆို ….ဒီအိမ်ကကောင်လေးတွေက မင်းကို သရိုးသရီ (မရိုးမသား ) လုပ်တာရှိလား လို့မေးတော့ ။ စကားတောင် လာမပြောကြဘူးတဲ့ ။

ဒါနဲ့ မင်းဘယ်မှာအိပ်ရသလဲဆိုတော့ တစ်ယောက်ခန်းထဲမှာတဲ့ ။ သူမကို သေချာမေးပါတယ် ။ သူမကလဲ သွေးအေးအေးနဲ့ သေချာဖြေပါတယ် ။

အိမ်ရှင်ကိုမေးတော့အိမ်ရှင်ကသူမဟာတစ်ယောက်ထဲအပြင်ကို ဘယ်တော့မှပေးမထွက်ခဲ့ရပါဘူးတဲ့လေ ။

သံစဉ် ဦးနှောက်တော်တော်စားသွားပါတယ် ။

ဒါနဲ့ အပြင်တစ်ခါမှ မထွက်တဲ့ ကောင်မလေးရဲ့ တရားခံဟာ အိမ်ထဲမှာဘဲဖြစ်မယ် ။

ကောင်မလေးကကြောက်လို့မပြောရဲတာနေမှာ။ဆိုတဲ့တလွဲအတွေးတွေ စလာပါတယ် ။

ပြီးတော့ငါ့မြန်မာလူမျိုးကို ဒီလိုလာလုပ်လို့ဘယ်ရမလဲဆိုတဲ့ မာနတွေနဲ့ငါဘာလဲဆိုတာသူတို့ကို ပြရမယ်ဆိုပြီး

မျက်နှာကိုတည်ပြီး ။သူတို့ကို

“အိုကေဒါဟာဒီအိမ်မှာရှိတဲ့ယောကျာ်းတစ်ယောက်ယောက်ရဲ့တာဝန်ဘဲနေမှာ။

နင်တို့ဒီလိုမျက်နှာလွှဲခဲပစ်လုပ်လို့တော့မရဘူး ။သေချာတာဝန်ယူရမယ် ။

ဒီနိုင်ငံက ဘယ်အရာမဆို Law By Law ရှိတာ ။

မုဒိန်းမှုဆိုရင် သေဒဏ် ဆိုတာ သိရမယ် “ လို့ ဆိုပြီးပြောလိုက်တော့။

အိမ်ရှင်မိန်းမကြီးက။Miss Roseရယ်ငါ့ယောကျာ်း။ငါ့သားတွေက ဒီလိုမရှိတာငါအာမခံပါတယ်တဲ့ ။ ပီးတော့ငါတို့တွေကဒီအမှုမျိုးကိုလည်းကြောက်ပါတယ်။ဘယ်သူမှဒီလိုမလုပ်ရဲကြပါဘူးတဲ့ ။ငါလည်းဘာလုပ်ရမှန်းမသိလို့ သူ့ကိုပြန်ပို့ဖို့သာ ကူညီပေးပါ ။ ဆိုပြီးတောင်းပန်ပါတယ်…….

ဒီတော့မတလွဲသံစဉ်ရဲ့သံသယတွေကပိုကြီး ။

ငါမှန်တယ်ဆိုတဲ့ အတွေးတွေနဲ့ ရဲစခန်းကို ကောင်မလေးကို ခေါ်သွားပြီး အမှုဖွင့်လိုက်ပါတယ်။

(လမ်းမှာလည်းကောင်မလေးကိုသချာမေးပါတယ်။ ရည်းစားရှိလားလို့။ညီမမှာဗိုက်ကြီးနေပြီ။ ညီမအလုပ်ဆက်လုပ်လို့မရတော့ဘူးလို့။)မေးတော့

သေသေချာချာ

သူကတောင်အမရယ်ကျွန်မမြန်မာမိန်းကလေးပါ။ဒီလောက်ရှက်စရာ မလုပ်ပါဘူးတဲ့။)

ဒါကြောင့်သံစဉ့်အတွေးကသူမအိပ်နေတုန်းအိမ်ထဲကတစ်ယောက်ယောက်က အနိုင်ကျင့်လိုက်တာ့ဖြစ်မယ်လို့တွေးပြီး သေသေချာချာကို အမှုဖွင့်လိုက်ပါတယ် ။

ရဲကတညလုံးစစ်ပါတယ် ။ သံစဉ် ကဘာသာပြန်ပေါ့လေ ။

မေးရင်းမေးရင်းနဲ့မှသူမကသူမအလိုမတူဘဲအနိုင်ကျင့်ခံရပါတယ်တဲ့။

အိမ်ကခြံကိုပေါင်းသင်နေတုန်းအပြင်ကကုလားတစ်ယောက်ကခြံထဲကိုကျော်ဝင်လာပြီးသူ့ကို ခြုံပုတ်ထဲခေါ်ပြီး အနိုင်ကျင့်တာပါတဲ့ ။

ဒီတော့အမှုက ပိုကြီးသွားပါတယ် ။ စင်္ကာပူမှာ ဒီလိုမျိုးလုပ်လို့မရပါဘူး ။ ဒါနဲ့ စစ်နေတဲ့ရဲ ကထွက်လာပြီး Miss Rose ……ဒီကောင်မလေး လိမ်နေပါပြီ တဲ့ ။သူ့မှာရည်းစားရှိပြီး မှားတာဖြစ်မှာပါတဲ့ ။

ဒါနဲ့သံစဉ်ကမြန်မာလိုညီမမင်းရည်းစားနဲ့မှားခဲ့တာဆိုရင်အမကိုဝန်ခံပါ ။ အမရှေ့ဆက်ပြီးအမှုမလုပ်တော့ဘူး။ညီမကိုပြန်ဖို့စီစဉ်ပေးပါ့မယ် လို့ကောင်းကောင်းမွန်မွန်လေး မေးပါတယ် ။

ဒါပေမယ့်သူမကမဟုတ်ပါဘူးလို့ဘဲပြောပါတယ်။မဟုတ်ပါဘူးဘဲဆိုတော့သံစဉ်က ရဲကိုရှေ့ဆက်မေးဖို့ဘဲပြောလိုက်ပါတယ်။ရဲကအိမ်ရှင်ကိုလည်းစစ်ပါတယ်။ သားတွေကိုလည်းစစ်ပါတယ် ။

မုဒိန်းကျင့်ခံရတယ်ဆိုတဲ့ကောင်မလေးကိုကျင့်နည်းအဆင့်ဆင့်ကိုမေးပါတယ်။တကယ့်ကိုအသေးစိတ်မေးတာပါ။ဘာသာပြန်ပေးတဲ့သံစဉ်တောင်ဘာသာပြန်ရင်း ရှက်လွန်းလို့ မပြန်ရဲတော့တဲ့အထိပါ ။

နောက်ဆုံး Senior Officer ကိုယ်တိုင်စစ်မှဘဲ အဖြေမှန်ကပေါ်ပါတော့တယ် ။

သူမကခြံထဲမှာသန့်ရှင်းရေးလုပ်ရင်းအပြင်ကသန့်ရှင်းရေးကုလားနဲ့သိသွားပါတယ်။ဒါနဲ့ နောက်တော့အဲသည့်ကုလားနဲ့ရည်ငံသွားပါတယ်။အဲသည့်ကုလားကSundayအိမ်ရှင်တွေ ဘုရားကျောင်းသွားတဲ့အချိန်တိုင်း(အပတ်တိုင်း)ခြံထဲကိုဝင်ပြီးသူမနဲ့အိပ်ကြပါတယ်။

(၂) နှစ်လောက်တောင်ရှိပါပြီ။ သူမ လိုချင်တာတွေဝယ်ပေးတတ်ပါတယ် ။

ဒီလိုနဲ့သူမကကုလားကိုစနောက်ပြီးသူမမှာကလေးရှိပြီလို့ပြောလိုက်တဲ့နေ့ကစပြီး အဲသည့်ကုလားကိုမတွေ့ရတော့တာပါ။သူမကတော့နောက်တာဖြစ်ပေမယ့် သူမမှာတကယ်ကလေးရှိသွားတာပါ ။

ကုလားရဲ့နာမည်ကိုလည်း သူမအပြည့်အစုံမသိပါဘူး ။ ဖုန်းနံပါတ်ကလည်းပြောင်းသွားပါတယ် ။

ဒါနဲ့ရဲကလူပုံပန်း၊အလုပ်အကိုင်နဲ့စစ်တော့အဲသည့်ကုလားရဲ့Companyကိုသိရပါတယ်။ သွားစုံစမ်းတော့ အဲသည့်ကုလားက ပြန်သွားပါပြီ ။

ဒါနဲ့အဲသည့်အမှုက(၄)ရက်အတွင်းပြီးသွားပါတယ်။ သူမကို ပြန်ဖို့လုပ်ပေးဖို့ဘဲ ရဲကပြောခဲ့ပါတယ် ။

အိမ်ရှင်ဆိုတာကလည်း သံစဉ့်ကို ပြောသွားပါတယ်

မင်းတို့မြန်မာမိန်းကလေးတွေက ကိုယ်သေချာမသိတဲ့လူတစ်ယောက်ကို ပေးအိပ်ဖို့လွယ်တယ်နော် တဲ့ ။

နောင်ဆို အလုပ်သမားခေါ်ရင် မြန်မာဆိုမခေါ်တော့ဘူးတဲ့ ။

အရမ်းရှက်သွားပါတယ် ။ အရမ်းကို သိမ်ငယ်သွားခဲ့ပါတယ် ။ ဒါပေမယ့်သံစဉ် ခေါင်းငုံ့ခံခဲ့ရပါတယ် ။

ပြီးတော့ကောင်မလေးကို လေယာဉ်လက်မှတ် ၀ယ်ပေးပြီး ပြန်လွှတ်လိုက်ပါတယ် ။

ကဲ…….တလွဲမသံစဉ်ဘာများဆက်ပြောရမှာလဲ။(သူမကတော့သူမအိမ်မက်တွေနဲ့ဟုတ်နေတာလေ ။ ရှက်ရမှန်းလည်းမသိခဲ့ဘူး)သံစဉ်လည်း သူမကိုဘာစကားမှကို မပြောနိုင်အောင် စိတ်ဆိုးလွန်းလို့ ဘာမှကို မပြောခဲ့ဘူး ။

သံစဉ်ရှက်တာက သံစဉ်တို့မြန်မာမတွေကဒီလိုလားဆိုတာကိုပါ ။

မဟုတ်ပါဘူး……..မဟုတ်ပါဘူး….ဆိုတာရင်ထဲအခါခါအော်ဟစ်နေမိလည်းးပြောခွင့်မရှိတဲ့အချိန်လေး။အမြဲတမ်းငါမြန်မာဆိုတာကြွေးကြော်နေတဲ့သံစဉ် ဒီတစ်ခါမှာမပြောနိုင်ခဲ့ပါဘူး ။

တချက်တောင်မငိုခဲ့တဲ့ကောင်မလေးကို လေဆိပ်ရောက်မှ မနေနိုင်လွန်းလို့ ….

သံစဉ် သူ့ကိုတစ်ခွန်းတော့ပြန်ပြောခဲ့ပါတယ်

သံစဉ်တို့ကကိုယ့်နိုင်ငံမှာဆိုရင်သံစဉ်တို့ကိုယ်ပိုင်နာမည်တွေရှိပါတယ်။

ကိုယ့်နိုင်ငံကနေသူများနိုင်ငံဆီရောက်ပြီဆိုရင်လူတိုင်းက သံစဉ်တို့ကိုနာမည်မခေါ်တော့ပါဘူး

မြန်မာဆိုပြီးတော့ဘဲခေါ်တော့တာပါ။

ဒါကြောင့်သူများနိင်ငံရောက်လို့မဟုတ်တာတစ်ခုခုလုပ်တော့မယ်ဆိုရင်ငါဆိုတာနဲ့မကြည့်ဘဲမြန်မာဆိုတာနဲ့ခံစားပြီးကိုယ့်လူမျိုးနာမည်

ကိုကိုယ်တွေးပြီးစဉ်းစားပြီးလုပ်ပါလို့Counsellorပီသစွာနဲ့ ဘဲပြောလိုက်ပါတယ် ။

သူမကလည်းအပြုံးမပျက်ပြန်ပြောသွားတာပက“ဒါ အမတိုင်လို့ သူတို့သိရတာတဲ့ ။

အမကြောင့်ကျွန်မရဲစခန်းရောက်ရတာ။ဒီလိုကြီးအရှက်ကွဲရတာတဲ့။နို့မို့ဆို ကျွန်မအေးအေးဆေးဆေး ပြန်သွားရပြီးပြီတဲ့ ။

ဒါပေမယ့်ကျွန်မဒီကလေးကိုမွေးပြီးသူ့ကိုဆက်သွယ်မှာပါတဲ့။သူ့နိုင်ငံကလိပ်စာ ကျွန်မမှာရှိပါတယ်တဲ့။ကျွန်မကိုစိတ်မပူပါနဲ့တဲ့။တချိန်အမဆီကို သူနဲ့အတူတူလာလည်ပါဦးမယ်တဲ့။”

(သူမရဲ့ အိမ်မက်ကို ရဲရဲကြီးကိုယုံကြည်ပြီး ပြောသွားတာပါ )။

သံစဉ့်ရဲ့အလွဲမှားကြောင့်ရဲစခန်းမှာဝင့်ဝင့်ကြွားကြွားအရှက်ကွဲခဲ့ပေမယ့်သံစဉ်ကတော့ အခုထိသံစဉ်လုပ်တာမမှားဘူးလို့ဘဲယုံနေပါသေးတယ်။(သံစဉ် သူ့ကိုကာကွယ်ပေးချင်ခဲ့တာကိုး)..

ဒါပေမယ့်အဲသည့်ရဲစခန်းကိုရောက်တိုင်းSenior Police Officer ရဲ့ Miss Rose ... ဒီတစ်ခါရော မင်းဘက်ကလူကသေချာရဲ့လား ဆိုတဲ့ စနောက်တဲ့ မေးခွန်းကို အမြဲဖြေနေရတုန်းပါဘဲ………..

သူများနိုင်ငံကိုရောက်ရင်နင်တို့မြန်မာက "ဒီလိုဆိုတာကြီး" ကိုအပြောခံရအောင်မြန်မာတိုင်းကိုမနေစေချင်တာ

သံစဉ့်ရင်ထဲကလာတဲ့စကားလေးပါ။



ထာဝရ ချစ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

Samuel Goldwyn - "I'm willing to admit that I may not always be right, but I am never wrong."

No comments:

Post a Comment