Sunday, November 28, 2010

တန်ဆောင်တိုင် ရင်ခုန်သံ

အဆိုတော် နှင်းဆီသံစဉ်နှင့် တန်ဆောင်တိုင် စတိတ်ရှိုး (၂) ။

သံစဥ့် ဖေဖေက ဒုံမင်းတီးတာ သိပ်တော်တာ ။ သီချင်းအဆိုလည်း ကောင်း။အတီးလည်းကောင်းရှင့်။
ဖေဖေက သံစဉ့်ကိုဆိုရင် မြန်မာသီချင်းဆိုတတ်စေချင်တာ။တန်ဆောင်တိုင်တို့။
သီတင်းကျွတ်တို့ဆို ဖေဖေတို့ပွဲဆက်တွေများပြီ။
အိမ်မှာလည်းအဆိုတော်တွေ တရုန်းရုန်းနဲ့ပေါ့လေ။
သီချင်းတွေတိုက်ကြတာ။
အဆိုတော်တွေပြန်ရင် ဖေဖေကသံစဉ့်ကို အဲသည့်အဆိုတော်တွေတိုက်သမျှသီချင်းအကုန်ပြန်ဆိုခိုင်းတာ။
အသံနေအသံထားမကောင်းရင် အစကနေပြန်ဆို ။ဖေဖေက အရမ်းကို မြန်မာသီချင်းကြိုက်။
သံစဉ်ကလည်း မြန်မာသီချင်းတစ်စက်မှမဆိုချင်။ ဒီလိုနဲ့အိမ်မှာ ဆူညံပွဲတွေဖြစ်နေကြ။
ဖေဖေ့ကိုသံစဉ်က ကြောက်ရတော့လည်း မဆိုချင်လည်းဆို။ဆိုချင်လည်းဆိုနဲ့
(သံစဉ်လေ သိလား မြန်မာသီချင်းဆို အရမ်းရ ) ဒါပေမယ့်လေ သိတဲ့အတိုင်း
မြန်မာသီချင်းဆိုတာ အငြိမ်လေးနဲ့ဆိုရတာလေ။သံစဉ်ကလည်း အလှုပ်ဆိုတော့ အဲလိုမြန်မာသီချင်းဆိုရတဲ့အချိန်တွေဆိုရင် သံစဉ့်အတွက် တကယ့်ကို အပူမီး ။

ဖေဖေကတစ်ခါမှလည်း လူတောထုတ်တာမဟုတ်တော့ အေးဆေးပေါ့လေ ။

တစ်နေ့တော့ တန်ဆောင်တိုင်ပွဲတစ်ခုအတွက်ဖေဖေတို့မိန်းကလေးအဆိုတော်
လောက်လောက်မရှိလို့ပွဲငှားတဲ့သုကသံစဉ့်ကိုတွေ့ပြီး ဖေဖေ့ဆီကခွင့်တောင်းလာတယ်
ပထမတော့ ဖေဖေက ကျွန်တော့သမီးအကြောင်း ကျွန်တော်သိတယ် မဖြစ်ဘူးလို့ငြင်းတာပေါ့လေ။
သံစဉ်ကလည်း မြန်မာသီချင်းကိုလူတောထဲဆိုရမှာဆိုတော့ မဆိုချင် ။
ငှားတဲ့သူကလဲ မျက်နှာနာရတဲ့သူဆိုတော့ ဖေဖေက အေးဗျာ ဒီတစ်ခေါက်တော့ ကျွန်တော် ခွင့်ပြုလိုက်မယ်သူ့လဲဖြစ်မှာဟုတ်မှာမဟုတ်ဘူးဆိုတော့ နောက်ပွဲလည်း ခင်ဗျားငှားမှာမဟုတ်ဘူးဆိုပြီးခွင့်ပြုလိုက်တယ်။

သံစဉ်ကတော့ ငါ့ကို ပွဲမထုတ်တဲ့ဖေဖေ သံစဉ့်အကြောင်းသိရမယ်လို့တွေးပြီးပေါ့ ။ ကြိုးစားပန်းစား မြန်မာသီချင်းကို တိုက်ပါတော့တယ်။သီချင်းရွေးတော့ လည်း သံစဉ်က သံစဉ့်အကြိုက်လေးပေါ့ မြူးတာလေးတွေ ရွေးလိုက်တယ် ။

ဖေဖေက ပထမတော့ သဘောမတူဘူးပေါ့လေ ။ သူက အငြိမ်ဘဲဆိုစေချင်တာကိုး ။
ဂျစ်ကျလွန်းတဲ့ သံစဉ့်ကြောင့် သဘောတူပေးပေမယ့်ကတိကတော့ အငြိမ်ဆိုရမယ်ပေါ့လေ ။

ဒီလိုနဲ့

ပွဲနေ့ကျတော့ တန်ဆောင်တိုင်ပွဲ ။
လူကြီးပွဲဆိုတော့ ၀တ်ထားရတာကလဲ မြန်မာအကျီ င်္ လက်ရှည် ။
ဆံပင်ကလည်း ဆံထုံး ။
ချိတ်ထမီနဲ့။
မိတ်ကပ်ကလဲ မင်းသမီးမိတ်ကပ်နဲ့ ပွဲထွက်ရတာပေါ့ ။

မဆိုရမချင်း ဖေဖေကလည်းသူ့နားမှာ အငြိမ်ကြီးနဲ့ထိုင်းခိုင်းထား ။ သူကတော့ တီးနေရတာကိုး ။
သံစဉ်ကလေ စိတ်ကလည်း လှုပ်ရှား ။ စိတ်ကလဲအိုက် ။ ဘယ်လိုမှကို သည်းမခံနိုင်တာ ။

အကျီ င်္ကို မကြိုက်လို့ လဲချင်တာလည်း အကြိမ်ကြိမ် ။
ဖေဖေကလဲ အကြောင်းသိပီပီ အနားကအခွာမခံ ။
ဒီလိုနဲ့ ဆိုမယ့်အချိန်ရောက်လာတော့ ထွက် ။

မိတ်ကပ်ကလဲပျက်နေပြီ ။ ချွေးတွေနဲ့ ။အရပ်က ကလန်ကလား ။
ရုပ်ကလဲ ကလေးရုပ်မပျောက်ဘဲနဲ့ လူကြီးလိုဆံထုံးနဲ့ဆိုတော့
လူတွေက သံစဉ်ထွက်လာတာနဲ့ကို ရယ်နေကြပြီ ။
ဖေဖေ့သမီးလို့ ကြေငြာလို့လည်းပါတာပေါ့နော် .

ကလေးလူကြီးရုပ်လေးနဲ့ ဆိုမယ့်သီချင်းက ပျို့ဆုတောင်း ။တစ်ခါမှလည်း စင်ပေါ်မတက်ဘူး ။လန့်တာကလဲအရမ်းလန့် ။ စိတ်ကလဲအရမ်းအိုက် ။ ရှက်ကလဲရှက် ။

အိုး ။ တကယ်များပါဘဲ ။ ထွက်ပြေးလို့ရရင်ထွက်ပြေးမယ် ဆိုတဲ့စိတ်တောင်ပေါက်တယ် ။ဒါနဲ့ မိုက်ကြီးကိုကိုင် ။ သီချင်းသံကို ရုပ်သေလေးနဲ့ နားထောင်တာ ။

ကြောက်လွန်းလို့ ဘယ်က အဆိုစ၀င်ရမှန်းကို မသိတာ ။ ဒါနဲ့ ၀င်ဖို့နေရာရှာတာ မတွေ့ဘူး။ တီးပိုဒ်က ၂ ကျော့ ၃ ကျော့ဖြစ်နေပြီ ။အဖေဖေကလဲ စိတ်တွေဆိုးနေပြီ ။ မျက်စပစ်ပြတာ ။ ၀င်ရမယ့်နေရာမှာ ။ အဲဒါ သံစဉ်ကကြောက်လွန်းတော့ ဖေဖေ့ဘက်ကို မျက်နှာလှည့် ပြီးဖေဖေ့မျက်နှာ နောက်တစ်ခါ အပြကိုကြည့်နေတာ ။ အဲသည့်အချိန်မှာ အဆိုတော် အန်တီကြီးတစ်ယောက်က အနောက်ကနေ မိုက်ကိုင်ပြီး သံစဉ့်ကို ၀င်ဖို့ အချက်ပြရင်း သီချင်းအစကို သူကစ ၀င်ပေးတာ ။

“ ရှေးရှေးဘ၀ က ………………ရေစက်ဟောင်းကြောင့်ကွယ်……….မောင့်ကိုသာ”
အလိုလို ……….ပျို့စိတ်မှာ …………………”

ဖေဖေ့မျက်နှာရိပ်အပြကို ကြည့်နေတဲ့သံစဉ်က ရုတ်တရက် သီချင်းသံစ၀င်တာကိုကြားလိုက်တော့ လန့်ပြီး မိုက်ကြီးကို ကိုင်ပြီး

“အိုး အန်တီကလဲ နေပါ ဦး။ သံစဉ် ၀င်မလို့ ဖေဖေ့မျက်နှာကြည့်နေတာလို့ ပြောလိုက်တာ “

အသံက ဟိန်းပြီးထွက်လာတော့တာဘဲ ………

အားလုံးလဲ ၀ိုင်းရယ်တာပေါ့ ။အောက်က ပရိသတ်က လည်းထိန်းမနိုင်ကို ဖြစ်တော့တာ ။
ရယ်လွန်းလို့ ။ဆူညံသွားတာဘဲ ။
ဖေဖေမျက်နှာဆိုတာလေ ရဲတွတ်ပြီး။

သံစဉ် ဘဲလေ ။သိတယ်ဟုတ် ။ အရိပ်အခြေကို ကြည့်လိုက်တာနဲ့ ငါတော့ အိမ်ရောက်ရင် သေပြီလို့တွေးပြီးကြောက်ကြောက်နဲ့ဘဲပရိသတ်ဘက်ကို မျက်နှာမူ ပြီး အော်လိုက်တယ် ။

“ ခဏရပ် “ လို့ မိုက်နဲ့အော်ချ လိုက်ရော ။

“ စောစောက သံစဉ်က နောက်တာ အခုမှ တကယ်ဆိုမှာရှင့်လို့ “

အော်ပြောလိုက်တာပေါ့ ။( စင်ပေါ်မှာ သံစဉ်တို့ အဲသည့်တုန်းက တကယ်ကို ရှက်ရမှန်းမသိတော့တာ ) …….

အားလုံးတီးလုံးတွေလဲ ရပ် ။ ဖေဖေရိုက်လည်း ရိုက်ကာမှရိုက်ရောဆိုပြီး သံစဉ်က ဆံထုံးကြီးကို ဖြေ ။ ပြီးတော့ ပ၀ါကြီးကို ခါးစည်းပြီး ။ ဖေဖေဘက်ကို လုံးဝကို မလည့်ကြည့်တော့ဘဲ ။


“အခု သံစဉ်ဆိုမှ ပျို့ဆုတောင်းပါရှင် ။ “ မကောင်းလဲ လက်ခုပ်တီးပေးပါ ။ ကောင်းလဲ လက်ခုပ်တီးပေးပါ ။ ဖေဖေရိုက်မှာစိုးလို့ပါလို့ ပြောလိုက်ပြီး ။

ဖေဖေရေ သံစဉ် ဆိုတော့မယ် လို့လှည့်ပြောတော့ ။

သံစဉ်ပြောသလို လုပ်ရတော့မယ့် အခြေအနေမို့ပေါ့ နော် ။
ဖေဖေကလဲ အစကနေပြန်တီးရပါတယ် ။

အဲ
ဒီတစ်ခါတော့ လူတွေကိုလည်း သံစဉ်မမြင်တော့ဘူး ။ သံစဉ်မြင်တာ ဖေဖေ့ဒေါသမျက်နှာကြီးဆိုတော့ တစ်ခါထဲ အိုကေသွားတာဘဲ ။

ပျို့ဆုတောင်း သီချင်းလေးကို သံစဉ် ကပြီးဆိုသွားပါတယ် ။
အောက်ကလူတွေက လည်း ဖေဖေ့အကြောင်းသိလို့လားမသိ ။
သံစဉ်ကောင်းလို့လားမသိ ။တခဲနက် အားပေးလက်ခုပ်တီးပါတယ် ။

အားပေးသံတွေနဲ့ အဲသည့်နေ့က သံစဉ်တို့ ပွဲ ဖြစ်သွားပါတယ်။ဖေဖေက နင်တော်တော့လို့ဆိုမှ သံစဉ် ရပ်ပါတယ် ။

မရပ်မနားနဲ့ ကလိုက် ဆိုလိုက်နဲ့ ။ (၆ ပုဒ်လောက် ဆိုပစ်လိုက်တယ် )
(စိတ်ထဲမှာတော့ ဒီလောက်ဖေဖေငါ့ကို နေ့တိုင်းဆို ခိုင်းနေတဲ့သီချင်း တွေ အကုန်ဆိုပစ်မယ်လို့ )

အကုန်တော့ မဆိုလိုက်ရပါဘူး ။ တော်တော့တဲ့ ။

ဆုငွေလဲ အများကြီးရလိုက်ပါတယ် ။ အားပေးသံလည်း ရလိုက်ပါတယ်။ နောက်ဆုံးရလဒ်ကတော့ နောက်နောင် ဘယ်တော့မှ စင်ပေါ်မတက်ရဆိုတဲ့
ဖေဖေ့ရဲ့ ရာဇသံကြီးပါဘဲ ။(အိမ်မှာလည်း မဆိုရတော့ပါဘူး ) ။

တန်ဆောင်တိုင် တိုင်းလဲ အမျိုးအိမ် အပို့ခံရပါတယ် ။( သံစဉ်တို့ အဲသည့်လောက်ထိ တော်ခဲ့တာပါ ) ။


ဒါကြောင့် တန်ဆောင်တိုင်ပွဲရောက်တိုင်း သံစဉ် အဲသည့်ပွဲလေးကို အမြဲ ပြန်အမှတ်ရပါတယ် ။ဘယ်တော့မှလည်း ပြန်မရနိုင်တဲ့ သံစဉ့်ရဲ့ အမှတ်တရ ပွဲလေးပါဘဲ ။

ထာဝရ ချစ်တတ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

No comments:

Post a Comment