Friday, February 25, 2011

နှင်းဆီသံစဉ် နှင့် တလွဲမာနလေးများ

ဒီလို အကြောင်းအရာလေးတွေကို ရေးတင်ဖို့ သံစဉ် တော်တော်လေးကို စဉ်းစားခဲ့ရပါတယ် ။နောက်ဆုံးတော့ လူတစ်ယောက်ရဲ့ အမှားက အခြားသူတစ်ယောက်အတွက် သင်ခန်းစာ ဖြစ်နိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ သံစဉ့်ရဲ့ ကိုယ်တွေ့လေးတွေကို သူငယ်ချင်းတွေကို မျှဝေတာပါ ။ သူငယ်ချင်းတွေကလည်း အမှားလေးတွေကို သင်ခန်းစာယူနိုင်ပါစေလို့ သံစဉ်ရည်ရွယ်ပါတယ် ။

အရင်ဆုံးသံစဉ့်အကြောင်းစပြောပါရစေ ။ သံစဉ်ဟာ စင်္ကာပူနိုင်ငံရဲ့ စင်္ကာပူသူဌေးတစ်ယောက်ရဲ့လက်အောက်မှာ ကောင်စစ်ဝန် ( Senior Employment Counsellor) ဆိုတဲ့ ရာထူးနဲ့ အလုပ်လုပ်ပါတယ် ။

သူဌေး company က နိုင်ငံပေါင်းစုံက သူတွေကို အလုပ်ရှာပေးတဲ့ Company ပါ။ မလေး ။ အင်ဒိုနီးရှား ။ ဖိလစ်ပိုင်။ မြန်မာ ။ တရုတ် ။ ကုလား ။ ဂျပန် ။ ထိုင်း ။ စတဲ့စတဲ့ နိုင်ငံပေါင်းစုံကို အလုပ်သမားရှာပေးတဲ့ အလုပ်ကို လုပ်ပါတယ် ။

ဒီအလုပ်ကိုစလုပ်တော့ သံစဉ် ကိုယ့်ကိုကိုယ် ဘာလုပ်ရမှန်း (ကိုယ့်တာဝန်ကဘာမှန်း ) မသိပါဘူး ။ သံစဉ့်ဌာနမှာ သံစဉ့်အထက်က မန်နေဂျာ ။ စာရင်းကိုင် ။ စာရင်းစစ် ။ စာရေး ။ သင်တန်းနည်းပြ ။ စတဲ့စတဲ့ သူတွေက သူ့အလုပ်ကိုယ်စီသူတို့လုပ်ကြတယ် ။

သံစဉ် စဉ်းစားတယ် ငါ့အလုပ်ကဘာလဲ လို့ ။ တော်တော်နဲ့မသိခဲ့ဘဲ ၁ လလောက် ဟိုယောင်ယောင် ။ဒီယောင်ယောင်နဲ့ company မှာ နေခဲ့ပါတယ် ။

နေ့တိုင်းတွေ့ရတဲ့ ပြသနာတွေ ရှင်းပေးဖို့နေနေသာသာ ဘေးကနေ ရင်သတ်စိတ်မော နေခဲ့ရပါတယ် ။

တလွဲမာနနဲ့သံစဉ်  ။

အရင်ဆုံးသံစဉ် စရှင်းရတာ ဖိလစ်ပိုင် အမျိုးသမီးအလုပ်သမား ။ အလုပ်လုပ်ရင်းအရက်တွေသောက်တဲ့ အမှုပါ ။ အလုပ်ရှင်က အရမ်းတွေစိတ်ဆိုးပြီး သံစဉ်တို့ကို လာအော်တော့ပါတယ် ။

အိမ်အကူ ဆိုတဲ့ ရာထူးနဲ့လာလုပ်တဲက ဖိလစ်ပိုင်မက အိမ်ရှင်တွေ အလှပြထားတဲ့ ၀ိုင်ပုလင်းတွေကို အကုန်ုယူသောက်တဲ့ အမှုပါ ။ အိမ်ရှင်တွေက မသောက်ရက်လို့ နှစ်ချို့ခံပြီး သိမ်းထားပါတယ် ။ သူ့ရဲ့အဓိကအလုပ်က ၆ လသားကောင်မလေးကို ထိန်းရတဲ့ အလုပ်ပါ ။ အဲဒါကို ကလေးထိန်းရင်း ၀ိုင်တွေအကုန်သောက်ရင်း လုပ်ရင်းလုပ်တာပါ ။ အိမ်ရှင်တွေက ၂၅ လွှာမှာနေတာပါ ။

သူတို့တကယ်စိတ်ဆိုးပြီး ဖိလစ်ပိုင်မရယ် ။ အရင်ပုလင်းတွေရယ် ။ အ၀တ်ထုပ်တွေရယ် ယူချလာပြီး သံစဉ်တို့ဆီကို ဒေါသတကြီးနဲ့ အော်ဟစ်ပါတော့တယ် ။

စားပွဲခုံကို တဗြန်းဗြန်းချပြီး အော်ဟစ်နေတဲ့ ဒီအလုပ်ရှင်။ ဘာမှမေးလို့မရဘဲ ငိုနေတဲ့ အလုပ်သမား ။ ဘာပြောလို့ ဘာပြောရမှန်းမသိဘဲ ကြောင်ကြည့်နေတဲ့သံစဉ် ။ အချိန်တော်တော်ကြာသွားပါတယ် ။

သူဌေးကလည်း လုံးဝမရှင်းပေးပါဘူး ။ သံစဉ့်ကိုဘယ်လိုရှင်းမလဲ ထိုင်ကြည့်နေပါတယ် ။

ပထမသံစဉ် ကြည့်နေပါတယ် ။ သူပြောတာတွေကို နားထောင်နေပြီး ဘယ်လိုလုပ်ရမလဲ စဉ်းစားလိုက် ။ အဖြေမပေးနိုင်တဲ့ အလုပ်သမားကို ကြည့်လိုက်နဲ့ ။ငိုချင်လာပါတယ် ။

အဲသည့်အချိန်မှာ တခြားလူမျိုးခြားဝန်ထမ်းတစ်ယောက်ရဲ့ သရော်ဟန်ဟန် အပြုံးကို သံစဉ်တွေ့လိုက်ရပါတယ် ။
နင် ဒီရာထူးကိုယူပြီး နင်ဘာလုပ်နိုင်လဲဆိုတဲ့ အပြုံးပါ ။

ဒီအိမ်ရှင် ငါ့ကိုအော်ပြောစရာ ဘာမှမရှိဘူးဆိုတဲ့ အတွေး ။ ငါဟာ ဒီမှာ ပညာရှင်လုပ်နေတယ်ဆိုတဲ့မာန ။ ချက်ချင်း ဒေါသတွေထွက်လာပြီး သံစဉ့်အရှေ့က စားပွဲကို အကျယ်ကြီး ၀ုန်းခနဲ ရိုက်ချပစ်လိုက်မိပါတယ် ။
အကုန်လုံးတိတ် ။ သံစဉ့်ကို ၀ိုင်းကြည့် ။ ပြီးတော့ သံစဉ်ပြောလိုက်တယ် ။

ငါတို့က နင့်ကို အလုပ်သမားရှာပေးတာ။ လူတစ်ယောက်ချင်းဆီရဲ့ အကျင့်ကို ငါတို့လိုက်မကြည့်ပေးနိုင်ဘူး ။ သူအရက်သောက်တတ်တာငါမသိဘူး ။ သူခိုးယူတတ်တာ ငါနဲ့မဆိုင်ဘူး ။ ဒါ ငါ့လူမျိုးလည်းမဟုတ်ဘူး ။ ငါ့လူမျိုးမှာလည်းဒါမျိုးမရှိဘူး ။ နင်မကျေနပ်ရင် နင်အလုပ်သမားခေါ်ထားတဲ့ ပိုက်ဆံငါပြန်ပေးမယ် ။နင်ငါ့ကို လာအော်နေစရာမလိုဘူး ။ အခု နင်ဒီစာရွက်မှာ လက်မှတ်ထိုးသွား ။ တစ်လအတွင်း နင့်ပိုက်ဆံ ပြန်အမ်းပေးမယ် ။

ဆိုပြီး အော်ချလိုက်ပါတယ် ။

အိမ်ရှင်က အရမ်းဒေါသထွက်ပြီး
" နင် အရမ်းရိုင်းတယ် ။ အေး ငါ့ပိုက်ဆံ ပြန်မအမ်းရင် နင့်ကို တရားဆွဲမယ် ။
 နင့်ဆီကလည်း ဘယ်တော့မှ အလုပ်သမား မယူတော့ဘူးဆိုပြီး ထွက်သွားပါတယ် ။ "

တရုံးလုံးလည်း တိတ်ဆိတ်လို့ ။ ငိုနေတဲ့သူလည်းတိတ်လို့ ။ သူဌေးလည်း ပြုံးလို့ ။

သံစဉ်ကတော့ငါရှင်းနိုင်သွားပြီဆိုပြီး ခုံမှာအေးအေးထိုင်ပြီး မျက်နှာမော်မော်နဲ့လေ ။ အလုပ်သမားကို နေရာချ ပြီး ကိုယ့်ဟာကိုယ် ထိုင်နေလိုက်ပါတယ် ( ငါ အလုပ် အကြီးကြီးလုပ်နိုင်ပြီဆိုပြီးပေါ့လေ ) ....

ညနေ Meeting ရောက်တော့ သူဌေးဆီက အိမ်ရှင်ကို လျှော်မယ်လို့ပြောခဲ့တာ မင်းဟာမင်းလျော်ပါ  ဆိုတဲ့ အမိန့်ထွက်လာတော့မှဘဲ ..........သံစဉ့်ရဲ့ တလွဲမာနတွေ ပြာကျကုန်ပါတယ် ။

 ကောင်စစ်ဝန် တစ်ယောက်ဟာ ဘယ်အရာမဆို ဒေါသမထွက်ဘဲ အေးအေးဆေးဆေးနဲ့ လူတွေလက်ခံနိုင်အောင်ပြောရမယ် ။
 အခု ပြသနာမှာ အရက်သောက်တဲ့ အလုပ်သမားကို အိမ်ရှင်ကျေနပ်အောင် တောင်းပန်ခိုင်းတတ်ရမယ် ။
သူ့အတွက် warning ပေးပြီး အိမ်ရှင်ကို ဒီတစ်ခါ ခွင့်လွှတ်ပေးပြီး ပြန်ခေါ်အောင် ပြောတတ်ရမယ် ။
နောင်တစ်ခါ အလားတူ အဖြစ်အပျက်မျိုးဖြစ်ရင် အလုပ်သမား အသစ် ချက်ချင်းလဲပေးပါမယ်ဆိုတဲ့ ၀န်ဆောင်မှု စကားကို ပြုံးပြုံးလေး သံစဉ် ပြောနိုင်ခဲ့မယ်ဆိုရင် သံစဉ် မဆုံးရှုံးနိုင်ပါဘူး ) ........
ဒါနောက်မှ အလုပ်က သင်လာတဲ့ အသိလေးပါ ။) ..


သံစဉ်ဟာ ဒီလို တလွဲမာနတွေနဲ့ တလွဲတွေလုပ်တတ်တဲ့ အကြောင်းလေးတွေကို ဆက်ရေးပေးသွားပါမယ် ။

သူငယ်ချင်းတို့ သံစဉ့်ရဲ့အလွဲလေးတွေထဲကနေ အမှန်တစ်ခု ယူနိုင်ဖိုရည်ရွယ်ပါတယ် ။


ထာဝရ ချစ်ခြင်းတွေနဲ့ ပျော်ရွှင်နိုင်ပါစေ ။
နှင်းဆီသံစဉ်

No comments:

Post a Comment